မာ့ခ်ဇူကာဘတ်၏ ဆိုရှယ်မီဒီယာအကောင့် ဖွင့်ချခံရခြင်း နှင့် စကားဝှက်များအား ထားရှိသင့်သော နည်းလမ်းများ



သန်းပေါင်းများစွာသောလူများ၏ အချက်အလက်များ လုံခြုံရေးအတွက် နည်းအမျိုးမျိုးရှာပြီး ရှေ့တန်းကနေ ကာကွယ်ပေးနေသော စစ်သေနာပတိ တစ်ယောက်ကတော့ အင်တာနက်အသုံးပြုချိန်မှာ လိုက်နာရမည့် အခြေခံအချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာကြောင့် ကျဆုံးခန်းကို ရောက်သွားပါပြီ။ အဲဒီ့လူက တခြားတော့မဟုတ်ပါဘူး။ Facebook ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ် ဇူကာဘတ်ပါပဲ။

ဖြတ်ခုတ် (hijack) ခံရတာက Facebook အကောင့်တော့ မဟုတ်ပါဘူး။ တခြား ဆိုရှယ်မီဒီယာ အကောင့်တွေဖြစ်တဲ့ Twitter နဲ့ Pinterest တို့ပါ။

တရားခံကတော့ ဆော်ဒီအာရေဗီးယားက အဖွဲ့တစ်ခုဖြစ်တဲ့ OurMine ကပါ။ နည်းကလည်း လမ်းဟောင်းပါပဲ။ ပေါက်နေသော အချက်အလက်များထဲမှ ရှာတာပါ။ အရင်တစ်ခေါက်က ပေါက်သွားတဲ့ LinkedIn ရဲ့ အကောင့်တွေထဲမှာ မက်ဇူကာဘတ် ကောင့်လည်း ပါဝင်ခဲ့တယ်။ အဲဒါဟာ SHA-1 နဲ့ Hash သွင်းထားတာဖြစ်လို့ အလွယ်တကူပဲ ပြန်ဖြည်နိုင်ခဲ့ပါတယ်။ ပြီးနောက်မှာတော့ မက်ဇူကာဘတ် အသုံးပြုသော ဆိုရှယ်မီဒီယာ အကောင့်တွေကို လိုက်ဖွင့်ကြည့်တော့တာပါပဲ။

လောလောဆယ် Twitter မှာ Follower (၄၀၀၀၀) လောက်ရှိတဲ့ ဒီအဖွဲ့ဟာ မက်ဇူကာဘတ် ၏ Twitter အကောင့်ဖြစ်တဲ့ (twitter.com/finkd) နဲ့ Pinterest အကောင့် (pinterest.com/zuck/) ကို Deface လုပ်ခဲ့ပြီး ပျက်ရယ်ပြုတဲ့ ပို့စ်တစ်ချို့လည်း တင်ခဲ့ပါတယ်။

သဘောကျစရာ တစ်ချက်ကျန်ပါသေးတယ်။ အဲဒါကတော့ ဇတ်ရဲ့ LinkedIn အတွက် စကားဝှက်က dadada ဖြစ်နေတာပါပဲ။ (တော်ပါသေးတယ် … 12345 မဟုတ်လို့ :3) ဒီစကားဝှက်နဲ့ တခြား ဆိုရှယ်မီဒီယာအကောင့်တွေကိုလည်း သုံးခဲ့တာပါ။ မက်ဇူကာဘတ်၏ အလွယ်တကူပေးခဲ့သော dadada စကားဝှက်က အခုဆိုရင် လူပြောအများဆုံးနဲ့ ကမ္ဘာ့အရယ်ရဆုံး ဟာသတစ်ခု ဖြစ်လို့နေပါတယ်။ ဒီကိစ္စဟာ ရှိသမျှ အကောင့်တွေအားလုံးကို စကားဝှက်တစ်ခုတည်း ပေးတတ်တဲသူတွေ၊ စကားဝှက်ကို မပြောင်းမလဲဘဲ အချိန်ကြာကြာ သုံးတတ်တဲ့သူတွေအတွက်တော့ အချက်ပေးခေါင်းလောင်းသံ ပါပဲ။

OurMine အဖွဲ့ကတော့ Instagram အကောင့်ကိုပါ ရထားတယ်လို့ Twitter က တွိစ်မှာ တင်ထားပါတယ်။ ဒါပေမဲ့ Facebook ကတော့ ဒီသတင်းက မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။ Twitter ကလည်း အဲဒီ့အကောင့်ကို ယာယီပိတ်ထားလိုက်ပါပြီ။ LinkedIn အကောင့်ပေါင်း (၁၆၇) သန်းကျော်ရဲ့ Hash တွေကို ၂၀၁၂ ခုနှစ်မှာ ဖောက်ချခံခဲ့ရပါတယ်။ အစာသွင်း (salt) စကားလုံးမပါသေးတဲ့ SHA-1 ဝှက်စာသွင်းနည်းရဲ့ အားနည်းချက်ကြောင့် ဒီ Hash တွေကို ဖြည်ပြီး အသုံးဝင်နိုင်တဲ့ အကောင့်အများစုရဲ့ အသုံးပြုအမည်နဲ့ စကားဝှက်တွေကို ဟက်ကာတွေက စုဆောင်းခဲ့ပါတယ်။ OurMine ကလည်း ဒီလိုစုဆောင်းခဲ့တဲ့ အဖွဲ့တစ်ခုပါပဲ။

OurMine အဖွဲ့ဟာ သူတို့ပိုင် Twitter အကောင့်မှာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို DDoS တိုက်ဖို့ မကြာခဏ လှုံ့ဆော်လေ့ရှိပါတယ်။ ၂၀၁၆ ဇန်နဝါရီမှာ DayZ ဖိုရမ်က အကောင့် (၂၀၀၀၀၀) လောက်ကို ခိုးယူပြီး သူတို့ရဲ့ လက်စွမ်းထက်ကြောင်းကို ဟက်ကင်းလောကမှာ ပြနိုင်ခဲ့ပါသေးတယ်။

ဆော်ဒီလူမျိုး ဆယ်ကျော်သက် (၄) ယောက်ကနေ (၆) ယောက်အတွင်း ဖြစ်နိုင်တဲ့ ဒီအဖွဲ့ကို တခြားအဖွဲ့တွေကလည်း အများရှေ့ဆွဲထုတ် (dox) နိုင်ဖို့ ကြိုးစားနေကြပါပြီ။ 

၂၀၁၂ ခုနှစ်ကစပြီ: ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်တွေအပေါ်ကို ဟက်ကာတွေ အာရုံစိုက်လာပြီးနောက်မှာ LinkedIn, MySpace, Tumblr, Fling နဲ့ VK တွေက အကောင့်တွေကို မကြာခဏရယူနေကြပါတယ်။ အရင်အပတ်ကပဲ VK အကောင့် သန်း (၁၀၀) ကို BTC 1.00 (ဒေါ်လာ ၅၈၀.၀ ခန့်) နဲ့ ရောင်းနေတာ တွေ့လိုက်ပါသေးတယ်။

စာဖတ်သူများ အနေဖြင့် စကားဝှက်တွေ သုံးရတော့မယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။

"စာလုံးတွဲတွေ သုံးတဲ့အခါ ဂဏန်းတွေ သီ:ခြားအက္ခရာတွေ ရောသုံးပေးဖို့ လိုပါတယ်။" ဥပမာပြောရရင် အကြိုက်ဆုံးသီချင်းက စာသားတစ်ခုဖြစ်တဲ့ let you go ကို စကားဝှက်အဖြစ် ထားမယ်ဆိုပါစို့။ l3t_y0u-90 ဖြစ်ဖြစ် 1@tt_yu_g0a! ဆိုပြီး ကိုယ်ပဲနားလည်တဲ့ စကားစုအဖြစ် ပြောင်းတာမျိုး လုပ်သင့်ပါတယ်။

"စကားဝှက်တွေကို အချိန်တစ်ခုရောက်ရင် ပုံမှန်ပြောင်းပေးတာမျိုး လုပ်ပါ။" ဘယ်လောက်ကောင်းတဲ့ လုံခြုံရေးစံနစ်ပဲဖြစ်ဖြစ် အချိန်လုံလုံလောက်လောက်ရရင် ပေါက်နိုင်ပါတယ်။ ဒီဖော်မြူလာဟာ စကားဝှက်အတွက်လည်း မှန်ပါတယ်။ ဒီတော့ အချိန်တစ်ခုသတ်မှတ်ပြီး စကားဝှက်တွေအားလုံးကို ပြောင်းပေးတာမျိုး လုပ်သင့်ပါတယ်။ ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုက်ကအချက်အလက်တွေ ဖောက်ချခံရတယ်ဆိုရင်လည်း အချိန်နှင့်တပြေးညီ ပြောင်းပေးရမှာပါ။

"အကောင့်တစ်ခု စကားဝှက်တစ်ခု သုံးမယ်စိတ်ကူးရင်လည်း တစ်ခုနဲ့တစ်ခု အချိတ်အဆက်မမိအောင် ခွဲထားပေးပါ။" ဥပမာပြောရရင် Gmail နဲ့ Facebook နှစ်ခုကို စကားဝှက်တစ်မျိုးတည်း သုံးချင်တယ်ဆိုပါစို့။ Gmail မှာ h3ll0Gma!l12345 ကို ပေးထားတယ်ဆိုရင် Facebook မှာ h3ll0FB12345 ဆိုတာမျိုး မဖြစ်သင့်ပါဘူး။

"အကယ်လို့ များများမမှတ်ချင်ဘူးဆိုရင်လည်း အရေးကြီးမှု မကြီးမှုပေါ်မူတည်ပြီး စကားဝှက်တွေကို အဆင့်တွေ ခွဲထားပေးပါ။" ဒါမှလည်း အကောင့်တစ်ခု အယူခံရရင် တခြားအကောင့်တွေ မထိခိုက်နိုင်မှာပါ။ အကောင်းဆုံးကတော့ ဖိုရမ်တွေအတွက် စကားဝှက်တစ်မျိုး၊ အီးမေးလ်တွေအတွက် စကားဝှက်တစ်မျိုး၊ ဆိုရှယ်မီဒီယာတွေအတွက် စကားဝှက်တစ်မျိုးနှင့် ငွေကြေးနှင့်ပတ်သက်သော ဘဏ်အချက်အလက်လို အကောင့်တွေအတွက် စကားဝှက်တစ်မျိုး စသည်ဖြင့် ခွဲထားသင့်ပါတယ်။

"နှစ်ဆင့်ခံ လုံခြုံရေး (2 Step Verification) ဖြစ်သည့် စကားဝှက်တစ်ဆင့်၊ ဖုန်းဖြင့် အတည်ပြုရတာတစ်ဆင့် သုံးခွင့်ရှိရင်လည်း ဖွင့်ထားလိုက်ပါ။" လူသုံးများတဲ့ Facebook, Google, Instagram နှင့် Dropbox တွေမှာ ဒီလုပ်ဆောင်ချက် ရနေပါပြီ။

"ကြာရှည်မသုံးမဲ့ ဝက်ဘ်ဆိုက်အကောင့်တွေအတွက် အီးမေးလ်အကောင့် သီးခြားထားပေးပါ။" များသောအားဖြင့် အသေးစားဝက်ဘ်ဆိုက်တွေကထိန်းတဲ့ ဒီအကောင့်တွေဟာ လုံခြုံရေး အားနည်းပါတယ်။ ပြီ:တော့ သူတို့ဆီကပို့တဲ့ ကြော်ငြာစာတွေကလည်း အသုံးဝင်လှတယ်ရယ် မဟုတ်ပါဘူး။ ဒီဝက်ဘ်ဆိုက်တွေအတွက် စိတ်ရှုပ်မခံပါနဲ့။ အကောင့် သီးခြားထားလိုက်ပါ။

"Password Manager သုံးပါ။" စကားဝှက်ကိုလည်း ရှုပ်ရှုပ်ထွေးထွေး ထားချင်တယ်။ မှတ်ရတာလည်း စိတ်မရှည်ဘူးဆိုတဲ့ သူတွေအတွက် KeePass တို့လို Password Manager တွေရှိပါတယ်။ ကိုယ်မှတ်ရမှာက အဓိကစကားဝှက် တစ်ခုတည်းကိုပါပဲ။ အစပိုင်းမှာ စကားဝှက်ဖွင့်ယူရတာက စိတ်ရှုပ်စရာလို့ ထင်ရပေမဲ့ စကားဝှက်ရိုက်ရမဲ့ အချိန်နဲ့ယှဉ်ကြည့်ရင် အများကြီး ကွာတယ်ဆိုတာ သိသာပါတယ်။

"စကားဝှက်တွေကို Note တွေ၊ စားပွဲပေါ်၊ မော်နီတာပေါ်တွေ မရေးပါနဲ့။" တစ်ချို့လူတွေက စကားဝှက်တွေကို ခက်ခက်ခဲခဲတော့ ပေးပါရဲ့။ ဒါပေမဲ့ Note တွေထဲ ရေးထားတာမျိုး ရှိတတ်ပါတယ်။ ဒါမျိုးတွေက Malware တွေက စုဆောင်းတဲ့အခါမျိုးမှာ ပါသွားနိုင်သလို၊ မသမာတဲ့ အကြံအစည်နဲ့ ရှာဖွေတဲ့သူအတွက်လည်း အလွယ်တကူ သိသွားစေတဲ့ နေရာတွေပါ။ မထားသင့်ပါဘူး။

စာဖတ်သူတွေလည်း မက်ဇူကာဘတ်လို အမှားသရုပ်ပြကြီးကို နမူနာယူပြီ: အကောင့်များ ဖောက်ထွင်းခံရမှူ့များမှ ရှောင်ရှားနိုင်ကြပါစေ။

8-6-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
မာ့ခ်ဇူကာဘတ်၏ ဆိုရှယ်မီဒီယာအကောင့် ဖွင့်ချခံရခြင်း နှင့် စကားဝှက်များအား ထားရှိသင့်သော နည်းလမ်းများ မာ့ခ်ဇူကာဘတ်၏ ဆိုရှယ်မီဒီယာအကောင့် ဖွင့်ချခံရခြင်း နှင့် စကားဝှက်များအား ထားရှိသင့်သော နည်းလမ်းများ Reviewed by Myanmar Ethical Hacking News on 8:16 PM Rating: 5

No comments:

MEHN Team. Powered by Blogger.