Google ၏ မျှော်လင့်ချက်သစ် (သို့မဟုတ်) Fuchsia



နေ့စဉ်နေ့တိုင်း OS ( Operating System ) အသစ်တွေ ပေါ်နေပါတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို Linux Distro တွေချည်းပါပဲ။ တခြား Kernel နဲ့ ထွက်လာတဲ့ OS ဆိုတာ ရှားတောင့်ရှားခဲပါ။ ဒါကလည်း ဖြစ်သင့်ပါတယ်။ OS တစ်ခုဖြစ်လာဖို့က လူအများကြီး ဝိုင်းလုပ်တာမဟုတ်ရင် ဆယ်စုနှစ်နဲ့ချီအောင် ကြာတတ်တာမျိုးဆိုတော့ လုံးဝအသစ်ဆိုတာမျိုးက ဖြစ်ဖို့ မလွယ်ဘူးလေ။ လုပ်ရကိုင်ရခက်သလို သုံးတဲ့သူအဆင်ပြေအောင် ရေရှည်ထိန်းသိမ်းဖို့၊ Update တွေ ပေးဖို့ကလည်း ကုန်ကျစရိတ် မသေးလှပြန်ဘူး။ Linux မှာက Kernel ယူသုံးပြီး အသင့်ရှိထားတဲ့ Desktop Environment တွေ ခေါ်သုံးလို့ရတော့ ကိုယ်ထပ်ဖြည့်ချင်တဲ့ အပိုင်းကိုပဲ အာရုံစိုက်ဖို့ လိုတာကိုး။ ထိန်းသိမ်းဖို့ကျတော့လည်း ကိုယ်ဖြည့်ထားတာလေးပဲဆိုတော့ တစ်ပိုင်တစ်နိုင်ရှိတယ်လေ။

ဘယ်လိုပဲ အလုပ်ပိုတယ်ပြောပြော ဂူးဂဲ(လ) (Google) ကတော့ အကြောင်းပြချက် ကောင်းကောင်းရှာပြီး Kernel အသစ်တစ်ခု ဖန်တီးလိုက်ပါပြီ။ သူ့ရဲ့ နောင်တော် OS တွေဖြစ်တဲ့ Windows, Linux, Mac OS တို့လို OS တွေဟာ သူတို့အလုပ်လုပ်နိုင်မဲ့ ဟာ့ဝဲ(လ) (Hardware) တွေပေါ်မှာပဲ ရှင်သန်ကြတာပါ။ ပြောရရင် ဟာ့ဝဲ(လ) (Hardware)  က အသစ်တွေ ပေါ်လာလိုက်၊ OS ဗားရှင်း (Version) အသစ်တွေ ပေါ်လာလိုက်၊ နောက်ထပ် ဟာ့ဝဲ(လ) အသစ်တွေ ထပ်ထွက်လိုက်နဲ့ သံသရာလည်နေတာပါ။ ကိုယ့် Core-i7 ကွန်ပျူတာကြီ:ကို အစုတ်ကြီးလို့ ပြောချင်တာ မဟုတ်ပါဘူး။ သုံးချင်တဲ့သူတွေရဲ့ လိုလားချက်ကိုလိုက်ပြီး ဆော့ဝဲ(လ) (Software) အသစ်တွေ ပေါ်လာတဲ့အခါ ပိုကောင်းတဲ့ ဟာ့ဝဲ(လ) (Hardware) တွေ ထွင်ရင်း ရှေ့ဆက်ကြလို့ပါပဲ။

အချိန်အတော်ကြာအောင် ဂူးဂဲ(လ) (Google) အနေနဲ့ ဒီ OS ကို ဘယ်လို ဟာ့ဝဲ(လ) (Hardware) အတွက် သုံးမလဲဆိုတာ တွေးမိနေကြတာပါ။ လောလောဆယ်တော့ မိုဘိုင်းနှင့် ကွန်ပြူတာများ အတွက် ရည်ရွယ်ထားကြောင်း ပြောလာပါပြီ။ ဒီလိုမျိုး OS တစ်ခုကို အစအဆုံး စီစဉ်နိုင်တဲ့အတွက် Development လုပ်ဖို့သုံးမည့် Programming Language နဲ့ Update လုပ်တဲ့ကိစ္စတွေအပေါ်မှာ ထိန်းချုပ်ခွင့် ရတော့မှာပါ။ ဂူးဂဲ(လ) (Google)  ဟာ အန်ဒရိုက် (Android) ကို ဂျာဗား (Java) နဲ့ ရေးတဲ့ အတွက် တရားတဘောင် ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းကလည်း Fuchsia အပေါ်ကို အာရုံစိုက်ဖို့ ဖြစ်လာတာပါ။ ကိုယ်ပိုင် OS ရှိတဲ့အတွက် Developer  OS ဖန်တီးသူနဲ့ Development language၊ 3rd-Party Solution တွေကြားမှာရှိတဲ့ ဂေဟစနစ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်တော့မှာပါ။ Windows နဲ့ Mac OS တွေရဲ့ ပညာပြတာကို ဒီနှစ်ပိုင်းတွေမှာ ဂူးဂဲ(လ) (Google) အနေနဲ့ အတော်လေး ခံစားထားရတာဖြစ်လို့ တစ်စင်ထောင်ချင်တာလည်း ဖြစ်နိုင်ပါတယ်။

ဂူးဂဲ(လ) (Google) အနေနဲ့ Fuchsia နဲ့ဆို IoT (အင်တာနက်နဲ့ တွဲသုံးနိုင်တဲ့ အီလက်ထရောနစ်ပစ္စည်း) တွေအပေါ်မှာလည်း ခြေချနိုင်စရာ ရှိပါတယ်။ အန်ဒရိုက် (Android) ကရထားတဲ့ အတွေ့အကြုံတွေကလည်း ဒီနယ်ပယ်မှာ ကောင်းကောင်းကြီး ပံ့ပိုးနိုင်မှာပါ။

လက်ရှိကြီ:စိုးနေတဲ့ OS တွေကို ဖယ်ချနိုင်မလား ဆိုတာကတော့ အချိန်ကပဲ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ Fuchsia ရဲ့ တိုးတက်မှုအခြေအနေကိုတော့ fuchsia.googlesource.com ကနေ လေ့လာနိုင်မှာပါ။ C, C++, Python နဲ့ Dart တွေသုံးပြီး ရေးထားလို့ နည်းပညာကျောင်းသားတွေ၊ ဝါသနာရှင်တွေအတွက် လေ့လာစရာ OS တစ်ခုဖြစ်ကြောင်း သတင်းကောင်းပါလိုက်ရပါတယ်။

13-9-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
Google ၏ မျှော်လင့်ချက်သစ် (သို့မဟုတ်) Fuchsia Google ၏ မျှော်လင့်ချက်သစ် (သို့မဟုတ်) Fuchsia Reviewed by Myanmar Ethical Hacking News on 7:21 PM Rating: 5

No comments:

MEHN Team. Powered by Blogger.