တိမ်တိုက်ပေါ်တွင် ငွေညှစ်ခြင်း



ပစ်မှတ်ထားခံရသူ၏ File များကို ဝှက်စာသွင်းကာ ငွေညှစ်ခြင်းပြုလုပ်နိုင်သော Malware တစ်မျိုးဖြစ်သည့် Ransomware ကို အသုံးများလာသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်။ အင်တာနက်သုံးစွဲသူ အများစုမှာ လုံခြုံရေးအဆင့်မြင့်သော Cloud ဝန်ဆောင်မှုများတွင် မိမိတို့၏ File များကို ထားရှိခြင်းဖြင့် ဖြေရှင်းနိုင်မည် ဟု ယူဆနေကြသည်။

ဤသို့ပြုလုပ်ခြင်းသည် အဖြေတစ်ခုမဟုတ်ကြောင်း Casala လုပ်ငန်းက သက်သေထူခဲ့သည်။ Toni Casala ၏ Casala လုပ်ငန်းသည် QuickBooks, Microsoft Office, Outlook အစရှိသည့် Application များကို Hosting ပြုလုပ်ပေးနေသော ဝန်ဆောင်မှုကို အသုံးပြုနေသည်။ ဝန်ထမ်းများသည် Citrix ကို အသုံးပြုကာ Cloud နှင့် ချိတ်ဆက်၍ Hosting မှ Application များကို အသုံးပြုကြပြီး Cloud ပေါ်တွင်ပင် File များကို သိမ်းဆည်းကြသည်။

“ဒီအခြေအနေကို ကျွန်တော်တို့ ကြိုက်ပါတယ်။ ကျွန်တော်တို့ကွန်ပျူတာတွေမှာ File တွေနဲ့ ရှုပ်မနေတော့သလို အဲဒီ့ Software တွေကို ထိန်းသိမ်းနေဖို့ အိုင်တီသမားတစ်ယောက် သီးသန့်ထားစရာ မလိုတော့ဘူးလေ။ ပြီးတော့ ဒီ Application Service က ဈေးသက်သာတယ်။ ပြဿနာတစ်ခုခု တက်ရင်လည်း အချိန်မရွေး မေးလို့ရတယ်။ အိန္ဒိယက Call Center တွေကို ခေါ်နေစရာ မလိုဘူး။” ဟု Toni က ဆိုသည်။


သူတို့၏ အပျော်မှာ ယမန်နှစ် နှစ်သစ်ကူးညအထိသာ ခံလိုက်သည်။ ယခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ဝန်ထမ်းတစ်ဦးက ဝင်စာများအထဲရှိ Mail တစ်ခုကို ဖွင့်လိုက်ပြီး နာရီဝက်ခန့်အကြာတွင် Casala လုပ်ငန်းတစ်ခုလုံးအနေဖြင့် File (၄၀၀၀) ကျော်ရှိသော လုပ်ငန်း၏ Cloud Drive ဖြင့် ဆက်လက် အလုပ်လုပ်နိုင်ခြင်း မရှိတော့ပေ။ File များအားလုံးသည် ။ vvv ဖြင့် အဆုံးသတ်နေပြီး Folder တိုင်း၏ အမည်နောက်တွင် -help.decrypt ဟူသောစာသားများ ထပ်တိုးနေသည်ကို တွေ့လိုက် ရသည်။

Cloud ဝန်ဆောင်မှုပေးသူ၏ အဆိုအရ နေ့စဉ် Backup ပြုလုပ်ထားပြီး Casala လုပ်ငန်းအနေဖြင့် အဆိုပါ File များအား အစားထိုးလိုပါက အချိန်တစ်ပတ်ခန့် စောင့်ဆိုင်းရမည်ဟု ဆိုသည်။ ယခုဖြစ်ရပ်ကြောင့် အဆိုပါ Server အတွင်းရှိ အခြား သုံးစွဲသူများကိုလည်း လုပ်ငန်းထိခိုက်မှုများ ရှိခဲ့သည်။

Attacker သုံးစွဲခဲ့သော TeslaCrypt အမည်ရှိ Ransomware သည် Coding ပိုင်းဆိုင်ရာ အားနည်းချက် ရှိသောကြောင့် လုံခြုံရေးလုပ်ငန်းများ၏ အကူအညီဖြင့် ဝှက်ဖာပြန်ဖော်နိုင်ခဲ့ပြီး Attacker အား ငွေကြေး တစ်စုံတစ်ရာပေးရန်မလိုဘဲ ၎င်းတို့၏ File များကို ပြန်လည်ရရှိခဲ့သည်။ နည်းပညာဆိုင်ရာ အကူအညီများ ပေးနေသော Bleeping Computer ဖိုရမ်ရှိ ပညာရှင်များက TeslaCrypt ဖြင့် ဝှက်စာသွင်းထားသည့် File များကို ပြန်ဖော်နိုင်သော TeslaDecoder ကို ရေးသားထားပြီဖြစ်သည်။

Ransomware များအတွက် အကောင်းဆုံးကာကွယ်နည်းမှာ နေ့စဉ် Backup ပြုလုပ်ခြင်းဖြစ်သည်။ ၎င်း Backup ပြုလုပ်သည့် ပစ္စည်းသည်လည်း ကွန်ယက်ချိတ်ဆက်ထားခြင်း မရှိသင့်ပေ။ ကံမကောင်းစွာပင် အပြောသာလွယ်၍ အလုပ်ခက်လှသည်။ အထူးသဖြင့် အိုင်တီသမားကို သီးသန့်မထားနိုင်သော လုပ်ငန်းငယ်များအတွက် ထိုသို့ပြုလုပ်ရန် မလွယ်ကူပေ။ ထို့ကြောင့်ပင် ပမာဏ မများသော တန်ဖိုးတစ်ခုကို Attacker များအား ပေးအပ်နေရခြင်း ဖြစ်သည်။
ပိုမိုဆိုးရွားသော အခြေအနေတစ်ခုမှာ ထိုသို့ပေးလိုက်လျှင်လည်း ဝှက်စာဖော်သောနံပါတ်အား ပေးမည် / မပေးမည် မသေချာခြင်းဖြစ်သည်။ စောလျင်စွာပေးမိပါက မိမိတို့၏ တန်ဖိုးထားမှုကို ထပ်မံအသုံးချကာ နောက်တစ်ကြိမ် ငွေတိုးတောင်းခြင်း ဖြစ်နိုင်သည်။ ထို့အပြင် Ransomware များသည်လည်း ပရိုဂရမ်များပင်ဖြစ်သောကြောင့် အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့ပါက ဝှက်စာဖော်ပြီးချိန်တွင် အသုံးပြု၍ မရသော File များဖြစ်သွားမည် အခြေအနေမျိုးလည်း ရှိနေသည်။

သင့်အနေဖြင့်ဖြစ်စေ သင့်၏လုပ်ငန်းတွင်ဖြစ်စေ Ransomware ဖြင့် တိုက်ခိုက်ခံရပါက အကောင်းဆုံး အကြံပြုလိုသည်မှာ Bleeping Computer ၏ Ransomware Removal Selection သို့ သွားရောက် အကူအညီတောင်းကာ ဝှက်စာပြန်ဖော်ပြီး ဒုစရိုက်သမား၏အကြံဆိုးမှ ရုန်းထွက်ရန်ဖြစ်သည်။

10-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
တိမ်တိုက်ပေါ်တွင် ငွေညှစ်ခြင်း တိမ်တိုက်ပေါ်တွင် ငွေညှစ်ခြင်း Reviewed by Myanmar Ethical Hacking News on 3:40 PM Rating: 5

No comments:

MEHN Team. Powered by Blogger.