လူညီသည့် ဘရာဇီး ဟက်ကာများ
ကမ္ဘာအရပ်ရပ်ရှိ မြေအောက်မှောင်ခိုဈေးကွက်များအား
လေ့လာကြည့်သောအခါ နယ်ပယ်တစ်ခု၏ စိတ်ဝင်စားဖွယ် ဂေဟဗေဒ အကြောင်းကို အံ့အားသင့်ဖွယ် သိရှိခဲ့ရသည်။
ယခင်လေ့လာချက်များအရ ဘရာဇီးမြေအောက်လောကသည် ရှေးယခင်ရှိနှင့်ပြီဖြစ်သည့် အရှေ့အလယ်ပိုင်းနှင့်
တရုတ်တို့အား အမီလိုက်နိုင်လာသည်ကို တွေ့ရသည်။
ဘရာဇီးမြေအောက်လောကတွင် နောက်ပေါက်ဒုစရိုက်သမားများအား
ဆိုင်ဘာရာဇဝတ်မှုများတွင် ပါဝင်စေခြင်းဖြင့် သင်ကြားပေးသည်။ လူသစ်တန်းများအတွက် လေ့ကျင့်ခန်းများနှင့်
လေ့ကျင့်ရန် Tools များကိုလည်း ရောင်းချပေးနေသည်ကို မကြာခဏ တွေ့မြင်နိုင်သည်။
လေ့ကျင့်ရန်အတွက် သင်တန်းအမျိုးမျိုးကို
ရရှိနိုင်ပြီး မည်သို့ပြုလုပ်လိုလျှင် မည်သို့ပြုလုပ်ပါဟူသည့် အလွယ်လမ်းညွှန်များလည်း
ရရှိနိုင်သည်။ မပြောမလောက်သည့် သင်တန်းကြေးပေးသွင်းကာ အွန်လိုင်းသင်တန်းအား တက်ပြီးသည်နှင့်
မည်သူမဆို နည်းပညာကို အသုံးချပြီး ဒုစရိုက်မှူ့များကို ကျူးလွန်နိုင်မည့် ဒုစရိုက်သမားတစ်ယောက်
ဖြစ်လာစေသည်။
ပုံတွင်ပြထားသည်မှာ ကတ်များဖြင့် လိမ်လည်နိုင်ရန်
သင်ကြားပေးသည့် (၃) လ သင်တန်းတစ်ခုဖြစ်သည်။ ပထမလ တွင် အခြေခံပညာများဖြစ်သည့် Banking
Malware ဖန်တီးနည်း၊ Botnet အထိုင်ချနည်း၊ ကတ်မှောင်ခိုသမားများဖြင့် ချိတ်ဆက်ကာ ရရှိထားသည့်
ငွေကြေးဆိုင်ရာအချက်အလက်များမှ ဝင်ငွေရရှိစေရန် လုပ်ဆောင်နည်းတို့ကို သင်ကြားပေးမည်
ဖြစ်သည်။ ဒုတိယလတွင် ကတ်များအား ပွားယူနည်း၊ ဘဏ်အမျိုးအစားအလိုက် အသုံးပြုရမည့် Malware
အား ရေးသားနည်းတို့ကို ကျွမ်းကျင်သည်အထိ သင်ကြားပေးမည် ဖြစ်သည်။ တတိယလတွင် မိမိတို့၏
Malware များအား Crypter များအသုံးပြု၍ မည်သို့ကာကွယ်ရမည်ကို သင်ကြားပေးမည် ဖြစ်သည်။
ထို့နောက် လိုအပ်သည့် Toolkit များပေးအပ်ကာ အောင်အောင်မြင်မြင် သင်တန်းဆင်းပေးလိုက်မည်
ဖြစ်သည်။ အဆိုပါ သင်တန်းမျိုးအတွက် သင်တန်းကြေးမှာ အမေရိကန်ဒေါ်လာ (၇၆) ဒေါ်လာ စွန်းစွန်းသာ
ဖြစ်သည်။
အထက်ပါပုံတွင် တွေ့ရသည်မှာ အကြွေးဝယ်ကတ်များ
အသုံးချနည်းပင် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ကတ်အတုများ သုံး၍ ငွေထုတ်ယူနည်းကို သင်ကြားပေးရန်
ဖြစ်သည်။ ဤသင်တန်းတွင် Amazon, eBay, Apple နှင့် Dell တို့ ကဲ့သို့ အွန်လိုင်းစတိုးများမှ
လိမ်လည်ဝယ်ယူနိုင်ရန်ကိုလည်း သင်ကြားပေးသည်။ အခြေခံအချက်များဖြစ်သည့် အသုံးပြုမည့်
IP Address အား ခြေရာဖျောက်ခြင်း၊ ကတ်တစ်ခုမှ ရရှိနိုင်မည့် ငွေပမာဏကို တွက်ချက်ခြင်းနှင့်
အဆိုပါ ငွေများ မိမိထံ ပြန်လည်ရောက်ရှိစေရန် လမ်းကြောင်းပေးခြင်းများလည်း ပါဝင်မည်ဖြစ်သည်။
အထက်ပါကြော်ငြာတွင်တွေ့ရသည်မှာ Crypter
များ ဖန်တီးနည်းကို သင်ကြားပေးသည့် သင်တန်းဖြစ်သည်။ ဤသင်တန်းအား တက်ရောက်ခြင်းကြောင့်
ဒုစရိုက်သမားများအနေဖြင့် လုံခြုံရေးအဖြစ်သုံးသည့် ဆော့ဖ်ဝဲလ်များထံမှ မိမိဖန်တီးလိုက်သည့်
Malware ကို သတိမမူမိစေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤသင်တန်းမျိုးသည် တက်ရောက်သူစိတ်ကြိုက်
ညှိနှိုင်းနိုင်ပြီး Skype အသုံးပြု၍ လက်တွေ့လုပ်ဆောင်ပြမည် ဖြစ်သည်။ ထို့အပြင် တိုးချဲ့
သင်ခန်းစာအဖြစ် မိနစ် (၉၀) ခန့်ရှိ ဗွီဒီယိုတစ်ခုကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။ နည်းပညာအဆင့်မြှင့်တင်မှုများ
ရှိလာပါက အဆိုပါဗွီဒီယိုမျိုးကို အခမဲ့ထပ်မံပေးသွားမည် ဖြစ်သည်။
ဤသို့သော သင်တန်းနှင့် လေ့ကျင့်ခန်းမျိုးများသည်
ဖွင့်လှစ်သူအတွက် ငွေရလွယ်သကဲ့သို့ တက်ရောက်လိုသူလည်း များပြားသည်။ ဘရာဇီးနိုင်ငံ၏
လျော့ရဲသော ဥပဒေသည်လည်း ဆူလွယ်နပ်လွယ်ငွေရနိုင်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် အားပေးအားမြှောက်ပြုနေလေရာ
အွန်လိုင်းရာဇဝတ်မှုများကို ကျူးလွန်လိုသူများအတွက် ဆွဲဆောင် ချက် ဖြစ်လာသည်။ ဒုစရိုက်အဖွဲ့အစည်းမှာလည်း
လူသစ်များအား စတင်လုပ်ကိုင်ရန် Tool များ ပေးခြင်း၊ အရေးကြီးသည့် အဆင့်များရောက်ပါက
လမ်းညွှန်ပြသခြင်းတို့ကို တက်တက်ကြွကြွ ကူညီလျှက် ရှိသည်။ ထို့ကြောင့်ပင် ဤလောကအတွင်းသို့
လူငယ်အများအပြား ခြေစုံပစ်ဝင်ရောက်ကာ ရှားပါးသည့်အခွင့်အရေးကို ဆုပ်ကိုင်လိုက် ကြခြင်းမှာ
အံ့ဩစရာ မဟုတ်တော့ပေ။
လေ့ကျင့်ခန်းများအပြင် Malware နှင့်
Keylogger ကဲ့သို့သော မရှိမဖြစ်အရာများကိုလည်း မြေအောက်လောကတွင် အလွယ်တကူ ရရှိနိုင်သည်။
ရှိနှင့်ပြီးသော Tool များနှင့် ဝန်ဆောင်မှုများ ရောင်းချအပြီးတွင် နည်းပညာအသစ်များကို
ထပ်မံလေ့လာသည်။ ထို့ကြောင့်ပင် ဘရာဇီးနိုင်ငံရှိ Ransomware များသည် အခြား Ransomware
များနှင့်မတူဘဲ Windows, Linux, Android, iOS, OS X တို့တွင်ပါ အသုံးပြုနိင်ခြင်း ဖြစ်သည်။
ပြုပြင်ထားသည့် Android App များကို ခိုးယူရရှိသည့် အကြွေးဝယ်ကတ်များ၊ အကောင့်နှင့်
စကားဝှက်များဖြင့် မြေအောက်စကားဝိုင်းများတွင် လဲလှယ်လေ့ ရှိသည်။ လူတစ်ယောက်နှင့်ပတ်သက်၍
ကိုယ်ရေးအချက်အလက် အသေးစိတ်ကို သိရှိလိုပါကလည်း စုံစမ်းနိုင်သေးသည်။ ထို့ကြောင့် ဘရာဇီးသားတို့သည်
မြေအောက်လောကတွင် ခြေချင်းလိမ်လျှက်ရှိပြီး ဆိုက်ဘာရာဇ၀တ်မှူ့များကို ကျူးလွန်ရန် အစုလိုက်
အစဉ်အမြဲ အားထုတ်လျှက်ရှိနေပါသည်။
10-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
လူညီသည့် ဘရာဇီး ဟက်ကာများ
Reviewed by Myanmar Ethical Hacking News
on
7:32 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:32 PM
Rating:



No comments: