ပန်းစကားပြော၍ ကံစမ်းခြင်း



ဘာသာအစွဲကြီးသည့် လူတစ်စုမှ ဂျီဟတ် (Jihad) စစ်ပွဲများအတွက် ဆိုရှယ်မီဒီယာများမှတစ်ဆင့် လူသူစုဆောင်းနေမှုကို ကြားသိနေရသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်။ ဤနည်းကိုအသုံးပြုသည့် အဖွဲ့များအနက် ISIS သည် ထိပ်ဆုံးမှ ပြေးနေသည်။ နုနယ်သောစိတ်များအား အစွဲအလန်းဖြစ်စေရန် ဖေ့ဘွတ်ခ် (Facebook) နှင့် တွစ်တာ (Twitter) တို့၏စွမ်းပကားဖြင့် လူများ စုဆောင်းနိုင်ခဲ့သည်။ နိုင်ငံရပ်ခြားမှ ကူညီတိုက်ခိုက်ပေးမည့်သူများအား စုစည်းခြင်း၊ ညွှန်ကြားခြင်းတို့ကိုလည်း အင်တာနက် (Internet) မှပင် ကွပ်ကဲနိုင်ခဲ့သည်။ လူသုံးများသည့် ဆိုရှယ်မီဒီယာ (Social Media) များတွင် တက်တက်ကြွကြွလုပ်ဆောင်နေ သည့် ISIS အမာခံများ အမြောက်အများရှိပြီး ဝှက်စာသွင်း၍ စာပို့သည့် တယ်လီဂရမ် (Ttelegram) တွင် ISIS မှ အားပေးသူ (Follower) ပေါင်း (၁၀၀၀၀၀) ကျော် ရှိသည်။

ဤသို့ ဆိုရှယ်မီဒီယာအသုံးချ၍ အကြမ်းဖက်မှု အရေးသည် လူ့အသိုင်းအဝိုင်းအား နက်ရှိုင်းစွာ ရိုက်ခတ်လျက်ရှိသည်။ အနီးစပ်ဆုံးဥပမာအနေဖြင့် (၂၀၁၅) ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပဲရစ်မြို့ဗုံးပေါက်ကွဲမှု၌ အသေးစိတ် အကွက်ကျ စီစဉ်နိုင်ရန် စာတိုပို့သည့် နာမည်ကြီး App အချို့ကို ISIS တို့က အသုံးပြုခဲ့သည်။ ဆိုရှယ်မီဒီယာများ၏ အခြားမျက်နှာစာ တစ်ခုသည် အကြမ်းဖက်မှုအတွက် ဖြစ်လာခဲ့ရာ တစ်မိုးအောက်တည်း နေကြသူများအနေဖြင့် အဖြူအမည်းခွဲထုတ်ရန် ကြိုးစားလာကြသည်။ ဤသို့သောအကြမ်းဖက်မှုများကို ဆိုင်ဘာစစ်ပွဲဆင်နွှဲ၍ တွန်းလှန်လိုလာကြသည်။


ထိုကဲ့သို့သော ကြိုးပမ်းမှုမျိုးကို #OpISIS နှင့် #OpParis တို့ဖြင့် တွစ်တာနှင့် တယ်လီဂရမ်တို့ရှိ ISIS တို့၏ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် Anonymous အဖွဲ့က လုပ်ဆောင်ဖူးသည်။ (၂၀၁၅) နှစ်လယ် ခန့်တွင် ISIS နှင့် ဆက်နွယ်နေသည့် တွစ်တာအကောင့် (၁၂၅၀၀၀) ခန့်အား တွစ်တာက ဖြုတ်ချခဲ့ပြီး ဖြစ်သည်။ ဂူးဂယ်လ်သည်လည်း အကြမ်းဖက်မှုနှင့် ပတ်သက်သည့် ရှာဖွေမှုများကို ဘာသာစွဲကင်းသည့် လင့်ခ်များဖြင့် အစားထိုးပြသလျက် ရှိသည်။

ယခုအခါ အကြမ်းဖက်မှုများအား တိုက်ဖျက်ရာတွင် ဆိုရှယ်မီဒီယာ၏ ရေသောက်မြစ်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်သည်လည်း တစ်တပ်တစ်အား ပါဝင်လာပြီ ဖြစ်သည်။ မကြာသေးမီကပင် တန်ပြန်စကား (Counter Speech) အမည်ရှိ အစီအစဉ်သစ်ကို ဖေ့စ်ဘွတ်ခ်မှ မိတ်ဆက်ပေးခဲ့သည်။ အဆိုပါအစီအစဉ်အရ အမုန်းစကားများနှင့် အကြမ်းဖက်ဝါဒ ဖြန့်ချိမှုတို့အား တန်ပြန်ပြောဆိုနိုင်သူများကို ဒေါ်လာ (၁၀၀၀) ချီးမြှင့်သွားမည် ဖြစ်သည်။

ဘာသာအစွဲဖြင့် သိမ်းသွင်းမှုများ၊ လူမျိုးအစွဲဖြင့် အမုန်းပွားစေမှုများကြောင့် သိမ်းသွင်းခံရသူများ၏ မရင့်ကျက်သေးသည့် စိတ်ဓာတ်များကို ရင့်သန်ခိုင်မာလာစေရန် တန်ပြန်ပြောကြားသူတို့၏ စကားများနှင့် ပြုပြင်သွားမည် ဖြစ်သည်။ အမုန်းစကားပြောသူများနှင့် ၎င်းတို့ကို အားပေးသူများအား ပိတ်ပင်ခြင်းအစား ငယ်ရွယ်သူတို့၏စိတ်တွင် အကြမ်းဖက်မှုကို ရွံ့မုန်းတိုက်ဖျက်လိုစိတ်များ ပိုမိုပေါ်ထွက်လာစေရန် ပညာပေးသည့်ဘက်ကို ပိုမိုအာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။

ပထမဆုံး ဒေါ်လာ (၁၀၀၀) ကို "ဟလ္လာလုပ်ထားသော အသားသည် ခရစ်ယာန်များအား အဆိပ်သင့်စေသည်"ဟူသော ဗွီဒီယိုကိုတင်၍ ဂျာမန်ဟာသသရုပ်ဆောင် Arbi-el-Ayachi က ရယူသွားပြီ ဖြစ်သည်။ မည်သို့လုပ်ဆောင်လျှင် ဆုချီးမြှင့်မည်ဟု လုပ်ထုံးလုပ်နည်းကို မကြေညာထားသေးရာ အကြမ်းဖက်မှုကို ဆန့်ကျင်ရင်း ဖေ့စ်ဘွတ်ခ်မှဆုငွေကို မျှော်လင့်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

2-3-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ပန်းစကားပြော၍ ကံစမ်းခြင်း ပန်းစကားပြော၍ ကံစမ်းခြင်း Reviewed by Myanmar Ethical Hacking News on 2:12 PM Rating: 5

No comments:

MEHN Team. Powered by Blogger.