အချုပ်ထဲ၌ တစ်ညအိပ်လိုက်ရသော လက်တင်အမေရိကမှ ဖေ့ဘုတ်စီအီးအို



သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးလာမှုနှင့်အတူ အစိုးရအသီးသီးသည်လည်း ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို တားဆီးရန်နှင့် ဖြစ်ပေါ်နေသည့် အန္တရာယ်များကို ဖယ်ရှားရန် သတင်းလက်ဦးမှု ရယူလာကြသည်။ ထိုသို့ကြိုးပမ်းမှုများသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာကို ထိပါးလာသောအခါ ပွတ်တိုက်မှုများ ရှိလာသည်။ ထိုသို့ပွတ်တိုက်မှုများအား အဓိကခံရသည်မှာ နည်းပညာဆိုင်ရာလုပ်ငန်းများ ဖြစ်သည်။

လွန်ခဲ့သော (၃) နှစ်ကျော်က ဖြစ်ပွားသော လာဗာဘစ်ကုမ္ပဏီအား အီးမေးလ်များ ဖတ်ရှုခွင့်ပေးရန် အကြပ်ကိုင်မှု၊ မကြာသေးမီက အက်ပဲကုမ္ပဏီအား အကြမ်းဖက်တရားခံ၏ အိုင်ဖုန်းကို ဖွင့်ပေးရန် တောင်းဆိုမှုတို့အပြင် သုံးစွဲသူနှင့် အာဏာပိုင်များအကြား မြေစာပင်ဖြစ်ရသည့် အခြားလုပ်ငန်းတစ်ခုမှာ ဘရာဇီးနိုင်ငံရှိ ဖေ့ဘုတ်ရုံးခွဲဖြစ်သည်။

ဝှက်စာသွင်းစံနစ်ပါဝင်သည့် ဝှက်ဇက်ကို ဖေ့ဘုတ်မှပိုင်ဆိုင်ပြီး ဘရာဇီးနိုင်ငံတွင် အဆိုပါ အပ္ပလီကေးရှင်း (Application) အား အသုံးပြုသူ သန်း (၁၀၀) ကျော် ရှိသည်။ မူးယစ်ဆေးဝါ ချိတ်ဆက်ရောင်းဝယ်နေမှု သတင်းများကို ပေးအပ်ရန် တောင်းဆိုထားသည့် ဆာဂျီပီ ပြည်နယ်တရားရုံး၏ အမိန့်ကို ဝှက်ဇက်၏ မိခင်လုပ်ငန်းဖြစ်သော ဖေ့ဘုတ် (Facebook) မှ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ယခုတပတ် အင်္ဂါနေ့မနက်တွင် ဖေ့ဘုတ် (Facebook) ၏ ဒေသတွင်း အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒီရေဂိုဇိုဒန်အား ဆောပေါ်လိုရှိ ဂွာရူဟိုလေဆိပ်၌ ဖမ်းဆီးခဲ့သည်။


အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း တုန့်ပြန်မှုမရှိခြင်းကြောင့် ဘရာဇီးနိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သူကို တရားသူကြီး မာဆယ်မိုင်ယာက ဖမ်းမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇိုဒန်အနေဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းမှုကို အဟန့်အတားဖြစ်စေခဲ့ကြောင်း၊ တရားရုံး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ဖြေကြားသွားသည်။

ကုမ္ပဏီမှ အယူခံတင်သွင်းမှုကို ဆာဂျီပီရှိ အဆင့်အမြင့်ဆုံး တရားရုံးက လက်ခံစစ်ဆေးအပြီး ဗုဒ္ဓဟူးနေ့အစောပိုင်း၌ ဇိုဒန်တစ်ယောက် ပြန်လွတ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်မှသာ ဝှက်ဇက်အား ဖေ့ဘုတ်က ဝယ်ယူခဲ့ကြောင်းနှင့် ဘရာဇီးနိုင်ငံတွင် ဝှက်ဇက်အတွက် ဝန်ထမ်းခန့်မထားကြောင်း၊ သို့ဖြစ်ရာ ဇိုဒန်တွင် တာဝန်မရှိကြောင်း၊ ထို့အပြင် ဝှက်ဇက်သည် ဝှက်စာသွင်း စာတိုပို့စနစ်ဖြစ်သောကြောင့် တောင်းဆိုသည့်အချက်အလက်များကို ပေးအပ်နိုင်ခြင်း မရှိကြောင်း၊ ဖေ့ဘုတ်အနေဖြင့်မူ ဘရာဇီးအာဏာပိုင်များ၏ မေးမြန်းမှုမှန်သမျှကို ဖြေကြားပေးသွားရန် ဆန္ဒရှိကြောင်းတို့ အယူခံစာတွင် ပါဝင်သည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ပြောကြားထားသည်။

BDLI (Brazilian Digital Law Institute) မှ ဖရက်ဒီရီကိုစီရိုင် ကမူ ဘရာဇီးရဲတပ်ဖွဲ့၏လုပ်ရပ်မှာ မှန်ကန်သော်လည်း ဝှက်ဇက်အတွက် ကိုယ်စားလှယ်ဟူ၍ ဘရာဇီးနိုင်ငံတွင် သီးခြားမထားရှိသေးသည့်အတွက် ဥပဒေကြောင်းအရ မကိုက်ညီသောကြောင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ထောက်ပြသွားသည်။

အစိုးရအာဏပိုင်များနှင့် နည်းပညာကုမ္ပဏီတို့အကြား ပဋိပက္ခများမှာ ဆက်လက်ဖြစ်ပေါ်နေဥိးမည်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း အထင်ရှားဆုံးနှင့် ဟိုးလေးတစ်ကျော်ဖြစ်နေသည့် အကြောင်းအရာကတော့ Apple ကုမ္ပဏီကို FBI အာဏာပိုင်များမှ အကြမ်းဖက်မှူ့တစ်ခုတွင် ပါဝင်ပက်သတ်နေသူ၏ အိုင်ဖုန်း (iPhone) လှို့ဝှက်အဖွင့်သင်္ကေတ (Pass Code) ကို ဖွင့်ရန်အတွက် ဖိအားပေးခံခဲ့ရခြင်း ဖြစ်သည်။ အသုံးပြုသူ ထုတ်လုပ်သည့် ကုမ္ပဏီနှင့် အစိုးရအာဏာပိုင်များအကြား အားပြိုင်မှူ့များမှလည်း အသုံးပြုသူများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်စေပြီး လုံခြုံရေး ချိုးဖောက်ခံရမှာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

မြန်မာဖေ့ဘုတ်ကိုယ်စားလှယ်နှင့် အစိုးရအာဏာပိုင်တို့အကြား အလားတူ ကိစ္စရပ်မျိုးများ ဖြစ်ပေါ်လာပါက မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်ဆိုသည်မှာ ပုစ္ဆာတစ်ပုဒ်အဖြစ် တည်ရှိနေပါတော့တယ်။

4-3-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
အချုပ်ထဲ၌ တစ်ညအိပ်လိုက်ရသော လက်တင်အမေရိကမှ ဖေ့ဘုတ်စီအီးအို အချုပ်ထဲ၌ တစ်ညအိပ်လိုက်ရသော လက်တင်အမေရိကမှ ဖေ့ဘုတ်စီအီးအို Reviewed by Myanmar Ethical Hacking News on 6:55 PM Rating: 5

No comments:

MEHN Team. Powered by Blogger.