SpyEye ရေးသားသူများအား စီရင်ချက်ချမှတ်ခဲ့ခြင်း



SpyEye အား ရေးသားခဲ့သူဖြစ်သည့် ရုရှားနိုင်ငံမှ Aleksandr Andreevich Panin (အွန်လိုင်းအမည် - Gribodemon / Harderman) အား ထောင်ဒဏ် (၉) နှစ်ခွဲ ချမှတ်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ အဖော်ဖြစ်သူ အယ်ဂျီးရီးယားနိုင်ငံမှ Hamza Bendelladj (အွန်လိုင်းအမည် − Bx1) မှာမူ Malware ရောင်းချရုံသာမက တိုက်ရိုက်ငွေရှာခြင်း၊ ရရှိလာသော ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းတွင် ရောင်းချခြင်းများပါ ပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခဲ့သည်။
(၂၀၁၁) ခုနှစ်တွင် Soldier အမည်ရှိ ဟက်ကာတစ်ဦးသည် SpyEye ကို အသုံးပြုကာ (၆) လအတွင်း ဒေါ်လာ (၃.၂) သန်း ရှာဖွေနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ZeuS ကို နောက်ကောက်ချနိုင်သည့် PoS Malware အဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်။ ဤသို့သော ရာဇဝတ်မှုကြီ:များကြောင့် TrendMicro Labs မှ အကြီးတန်းသုတေသီ Loucif Rharouni နှင့် ဥပဒေဘက်တော်သားများသည် SpyEye ၏နောက်ကွယ်မှ ဖန်တီးသူနှစ်ဦးကို စတင်ခြေရာခံခဲ့သည်။ Bendelladj ၏ ဖိုရမ်တွင်းမှ စကားကျွံမှုများမှတစ်ဆင့် လမ်းစတွေ့ခဲ့သည်။ ထို့နောက် မည်သူမည်ဝါဖြစ်ကြောင်း သရုပ်ခွဲနိုင်စေရန် အီးမေးလိပ်စာများ၊ ICQ အကောင့်များ၊ Jabber အကောင့်များအား ဆက်လက်စုံစမ်းခဲ့သည်။

(၂၀၁၃) ခုနှစ် ဇန်နဝါရီလတွင် Aleksandr Andreevich Panin ကို ဟက်ထ်ဖီးဂျက်ဆန် အတ္တလန်တာလေဆိပ်၌လည်းကောင်း၊ ဂျူလိုင်လတွင် Hamza Bendelladj ကို အင်ဒိုနီးရှားမှ အီဂျစ်သို့သွားရန် လေယာဉ်ပြောင်းနေစဉ် ဘန်ကောက်ရှိ ဘုဝဏ္ဏဘူမိလေဆိပ်၌လည်းကောင်း ဖမ်းဆီးနိုင်ခဲ့သည်။

Hamza Bendelladj သည် အာရပ်စကားသုံး ဟက်ကာအသိုင်းအဝိုင်းတွင် သူရဲကောင်းတစ်ဆူဖြစ်သည်။ ပါလက်စတိုင်း စေတနာရှင်အသင်းအဖွဲ့များတွင် ငွေကြေးများစွာ လှူဒါန်းထားကြောင်း သိရသည်။ ၎င်းတို့ကို ဖမ်းဆီးနိုင်ခဲ့သည့်အချိန်တွင် SpyEye 2.0 ကို ထပ်မံထုတ်လုပ်ရန် ကြံစည်နေကြရာ ဖမ်းမိခဲ့သည်ကပင် ခပ်ကောင်းကောင်းဟု ဆိုရမည်ဖြစ်သည်။

SpyEye သည် ZeuS/ZBot ကို အခြေခံကာ ရေးသားထားခြင်းဖြစ်သည်။ ZeuS အား ရေးသားသည့် Evginy Bogachev (အွန်လိုင်းအမည် - Slavik / Monstr) သည် ZeuS ၏ မူရင်းကုတ်များအား ပေးအပ်ထားကြောင်း တရားမဝင်သတင်းများအရ သိရသည်။ Bogachev မှာမူ အတိမ်းအစောင်းမရှိ ရှောင်တိမ်းနိုင်သေးသည့်အတွက် အက်ဖ်ဘီအိုင်၏ အလိုအရှိဆုံး ဆိုင်ဘာရာဇဝတ်သားအဖြစ် နေရာယူကာ လွတ်မြောက်နေဆဲ ဖြစ်သည်။

SpyEye သည် ကမ္ဘာအနှံ့ရှိ ကွန်ပျူတာ သန်း (၅၀) ခန့်အားကူးစက်ကာ ငွေကြေးဆိုင်ရာဆုံးရှုံးမှုအနေဖြင့် သန်း (၁၀၀၀) ခန့် ရှိနိုင်ကြောင်း တရားစီရင်ရေးဝန်ကြီ:ဌာနမှ ခန့်မှန်းထားသည်။

12-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
SpyEye ရေးသားသူများအား စီရင်ချက်ချမှတ်ခဲ့ခြင်း SpyEye ရေးသားသူများအား စီရင်ချက်ချမှတ်ခဲ့ခြင်း Reviewed by Myanmar Ethical Hacking News on 7:33 PM Rating: 5

No comments:

MEHN Team. Powered by Blogger.