အွန်လိုင်းပေါ်က ဣတ္ထိယမုဆိုးများ



အသက်မပြည့်သေးတဲ့ မိန်းကလေးတွေအပါအဝင် အမျိုးသမီးပုံ (၂၀၀၀) လောက်ကို တင်ထားတဲ့ ဩစတေးလျနိုင်ငံက ဝက်ဆိုက်တစ်ခုကို တွေ့ထားပါတယ်။ အဲဒီ့ဆိုက်မှာ မှတ်ပုံတင်ထားတဲ့ သူတွေအနေနဲ့ တရားမဝင်ပုံတွေ အလဲအလှယ်လုပ်လို့ ရပါတယ်။ ပြီးတော့ တင်ပေးလိုက်တဲ့ ကောင်မလေးရဲ့ ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့ နာမည်အပြည့်အစုံ၊ လိပ်စာ၊ ကျောင်းနေသေးရင် တက်နေတဲ့ကျောင်းနဲ့ ဖုန်းနံပါတ်တွေကို ဖြည့်ပေးနိုင်တဲ့သူကို "အောင်မြင်တဲ့မုဆိုး" အဖြစ် သတ်မှတ်ပေးပြီ:  တရားမဝင် ဓာတ်ပုံတွေကို ဆုအနေနဲ့ ချီးမြှင့်ပါတယ်။

ဩစတေးလျမီဒီယာတစ်ခုဖြစ်တဲ့ News ကတော့ ဒီဝက်ဆိုက်စဖွင့်ခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာကစပြီး ဩစတေးလျကျောင်း (တက္ကသိုလ်၊ ကောလိပ်) ပေါင်း (၇၀) လောက်က ဆယ်ကျော်သက်အမျိုးအမီးတွေကို ပစ်မှတ်ထားခဲ့တာလို့ ဆိုထားပါတယ်။ ဝက်ဆိုက်မှာ မှတ်ပုံတင်တဲ့ လူငယ်တွေ အမျိုးသားတွေအနေနဲ့ ကျောင်း၊ ဒါမှမဟုတ် ရပ်ကွက်တစ်ခုခုက ပစ်မှတ်အနေနဲ့ သတ်မှတ်လိုက်တဲ့ အမျိုးသမီးပုံကို တင်ပေးရပါတယ်။ ပြီ:ရင် ဝက်ဆိုက်ထဲက မုဆိုးလုပ်ချင်တဲ့ တစ်ယောက်ယောက်က သူ့အချက်အလက်တွေပြည့်စုံအောင် သတင်းလိုက်စုပေးရတာပါ။ News သတင်းစာရဲ့ အဆိုအရတော့ တစ်ချို့ဆိုရင် သူငယ်ချင်းအုပ်စုတစ်ခုလုံးကိုတောင် ပစ်မှတ်အနေနဲ့ တင်ထားတာမျိုး ရှိတယ်လို့ ပြောပါတယ်။

သတင်းလိုက်စုပေးတဲ့သူက စုသလို၊ comment တွေနဲ့ အားပေးတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ "သားကြီး ကြိုးစားထား ..." "မရရအောင် လိုက်ကွာ ..." ဆိုတာမျိုးတွေပေါ့။ အကယ်လို့ မုဆိုးတစ်ယောက်ယောက်က သတင်းအချက်အလက် ပြည့်ပြည့်စုံစုံရခဲ့ရင်တော့ အဲဒီ့ကောင်မလေးရဲ့ ဝတ်လစ်စားလစ်ပုံတွေကို ဆုအဖြစ် ပေးအပ်ပါတယ်။ တစ်ခါတစ်လေတော့လည်း အဲဒီ့အမျိုးသမီ:ကို စိတ်ဝင်စားလို့ အချက်အလက်တွေလိုချင်လို့ သတင်းစုံစမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ဆုက တခြားလဲလှယ်စရာ တစ်မျိုးမျိုး ဖြစ်လာမှာပါ။ ဆိုကြပါစို့ ... ကောင်လေးတစ်ယောက်က ဓာတ်ပုံတစ်ပုံတင်ပြီး ဒီကောင်မလေးရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာပေးရင် ဘယ်လောက်ပေးမယ်ဆိုပြီး တင်တာမျိုးပေါ့။ လတ်တလောမှာတော့ အမျိုးသမီး (၃၀၀) လောက်ရဲ့ အချက်အလက်နဲ့ မိမွေးတိုင်းဖမွေးတိုင်းပုံတွေကို အောင်အောင်မြင်မြင်လဲလှယ်နိုင်ခဲ့တာ တွေ့ရပါတယ်။

ကျောင်းသူတော်တော်များများနဲ့ အမျိုးသမီ:တော်တော်များများဟာ ဒီလိုဝက်ဆိုက်ရှိတာ မသိကြပါဘူး။ သူတို့တင်လိုက်တဲ့ ဓာတ်ပုံတစ်ပုံဟာ ဒီဝက်ဆိုက်ပေါ်ရောက်သွားရင် အလိုလိုနေရင်း သားကောင်အဖြစ်ကို ရောက်သွားနိုင်ပါတယ်။ တစ်ချို့ကောင်လေးတွေကတော့ သူတို့သူငယ်ချင်းတွေဓာတ်ပုံနဲ့ ငွေရှာနေကြပြီးတော့၊ တစ်ချို့ကောင်လေးတွေကတော့ သူတို့သူငယ်ချင်းပုံတွေကို ပြန်ဖယ်ခိုင်းနေတာ တွေ့ရပါတယ်။ ကိုယ့်ဓာတ်ပုံကို လာပြန်ဖယ်ခိုင်းတဲ့ ကောင်မလေးတွေလည်း ရှိပါတယ်။ ဒါမျိုးဆိုရင် "ထိပ်တန်းစာရင်း" ထဲ ထည့်ပြီး လာဖယ်ခိုင်းတဲ့သူကို အပြစ်ပေးတာမျိုး လုပ်ပါတယ်။

ဒီလို ကိုယ်ရေးအချက်အလက်တွေဖော်ထုတ်တဲ့ပြစ်မှုမျိုးဟာ ဩစတေးလျမှာဆို အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင် (၁၅) နှစ်အထိ ကျနိုင်ပါတယ်။ ဓာတ်ပုံကို တရားမဝင်အသုံးချတဲ့ ပုံတင်သူအနေနဲ့ကတော့ ထောင် (၅) နှစ်လောက် ကျနိုင်ပါတယ်။ မှတ်ပုံတင်ထားတဲ့ လူငယ်အများစုကတော့ ဗီပီအန်နဲ့ သုံးကြတာတွေ့ရပေမဲ့ သေသေချာချာလိုက်ရင် ရပါတယ်။

ဒီဝက်ဆိုက်အကြောင်း ရဲကိုသတင်းပေးတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဩစတေးလျဖက်ဒရယ်ရဲအဖွဲ့ကတော့ ဒီဆိုက်ကို တစ်ခြားနိုင်ငံတစ်ခုမှာ Hosting ထားထားလို့ ဖြုတ်ချရခက်နေတာပါလို့ အကြောင်းပြချက် ပေးပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီး ထိရောက်တဲ့ပြစ်ဒဏ်ချနိုင်အောင် စီစဉ်သွားမှာပါလို့ သတင်းထုတ်ထားပါတယ်။ တကယ်တမ်းဆို ဆိုက်ကို ဖြုတ်မချနိုင်ရင်တောင် မှတ်ပုံတင်တဲ့သူတွေကို အပြစ်တစ်ခုခုပေးတာမျိုး လုပ်လို့ရပါတယ်။

ကိုယ်ရေးအချက်အလက်ဆိုတာ ကိုယ့်အကြောင်းပဲဖြစ်လို့ မသိသာပေမဲ့ မသမာတဲ့စိတ်ထားရှိတဲ့သူတွေအတွက် အရမ်းအရေးပါတဲ့အရာပါ။ လိပ်စာကတစ်ဆင့် သွားလေ့သွားထရှိတာတွေကို နောက်ယောင်ခံတာမျိုး၊ ဖုန်းနံပါတ်ကတစ်ဆင့် လိင်အသားပေးဝက်ဆိုက်တွေမှာ လိင်လုပ်သားအနေနဲ့ တင်ပြီး အရှက်ခွဲမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီကိစ္စတွေနဲ့ သိပ်မစိမ်းတော့ပါဘူး။ ဒါကြောင့် မြန်မာအမျိုးသမီးတွေအနေနဲ့ သတင်းအချက်အလက်လုံခြုံရေးကို သတိမူဖို့လိုကြောင်း အသိပေးလိုက်ရပါတယ်။

29-8-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
အွန်လိုင်းပေါ်က ဣတ္ထိယမုဆိုးများ အွန်လိုင်းပေါ်က ဣတ္ထိယမုဆိုးများ Reviewed by Myanmar Ethical Hacking News on 7:14 PM Rating: 5

No comments:

MEHN Team. Powered by Blogger.