ထိုင်းနိုင်ငံရှိ ATM ငွေထုတ်စက်များ ဖောက်ထွင်းခံရခြင်း



"ပရီချရာ"မပါတဲ့ အေတီအမ် (ATM) ဇာတ်လမ်းတစ်ခု ၂၀၁၄ ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ ထိုင်းဇာတ်ကားတစ်ကားရှိပါတယ်။ မင်းသမီးချော ပရီချရာ ပွန်သနာနီခွန်း (Preechaya Pongthananikorn) ပါဝင်ခဲ့တဲ့ အေတီအမ် (ATM) ဆိုတဲ့ ဇာတ်ကားပေါ့။ မကြည့်ဘူးလိုက်တဲ့ သူတွေအတွက် ဇာတ်လမ်းအကျဉ်းပြောရရင် ဆော့ဝဲ(လ) (Software) အမှားအယွင်း တစ်ခုကြောင့် ငွေထုတ်သမျှကို နှစ်ခါပြန် ထုတ်ပေးမိတဲ့အတွက် တာဝန်ရှိတဲ့ မင်းသမီ:နဲ့ မင်းသားက ထုတ်သွားတဲ့သူတွေကို လိုက်ရှာရတဲ့အကြောင်း ဟာသဆန်ဆန် ရိုက်ထားတဲ့ဇာတ်ကားပေါ့ဗျာ။

အခုနှစ် ၂၀၁၆ မှာတော့ ထုတ်သွားသမျှကို မှတ်တမ်းမယူမိလို့ အခက်ကြုံနေရတဲ့ ဘဏ်တစ်ခု ရှိနေပါပြီ။ အဲဒါကတော့ ထိုင်းနိုင်ငံရဲ့ အစိုးရငွေစုဘဏ် (Government Savings Bank of Thailand) ပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းထဲကလို ဆော့ဝဲ(လ) (Software) မှားတာတော့ မဟုတ်ဘူးဗျ။ ဆော့ဝဲ(လ) (Software) ကို မှားအောင်လုပ်တဲ့ တရားခံရှိတယ်။ အဲဒါကတော့ Ripper ဆိုတဲ့ Malware ပါပဲ။ ဂျီအက်ဘီ (GSB) ကတော့ သူတို့မှာရှိတဲ့ အေတီအမ် (ATM) စက်အလုံးပေါင်း ၇၀၀၀ ထဲက အလုံး ၃၃၀၀ ကို ပိတ်ထားလိုက်ပြီလို့ တစ်နေ့က ကြေညာထားပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ ဖြစ်သွားခဲ့တဲ့ ငွေခိုးထုတ်မှုကနေ အမေရိကန် ဒေါ်လာ (၃.၇၈) သန်းလောက် လူလိမ်တွေ ရသွားပါတယ်။ အမေရိကန်အခြေစိုက် NCR (National Cash Register) ကော်ပိုရေးရှင်းကထုတ်တဲ့ စက်တွေကို ဩဂတ်လ (၁) ရက်ကနေ (၈) ရက်အတွင်းမှာ အဓိကပစ်မှတ်ထားပြီး ငွေလိမ်ထုတ်ခဲ့ကြတာပါ။ ဒီလိုဖြစ်ပြီးနောက်မှာတော့ ထိုင်းဗဟိုဘဏ် (Bank of Thailand) က ကျန်တဲ့ ပြည်တွင်းဘဏ်တွေကိုလည်း NCR အေတီအမ် (ATM) စက် တွေနဲ့ ပတ်သက်ပြီး သတိထားဖို့ အကြောင်းကြားထားပါတယ်။

ဗဟိုဘဏ်ရဲ့ အဆိုအရတော့ နိုင်ငံတစ်ဝှမ်းမှာ ဒီလိုစက်မျိုး အလုံးပေါင်း ၁၀၀၀၀ လောက်ရှိပါသတဲ့။ ဂျီအက်ဘီ (GSB) က သူတို့ဆီမှာရှိတဲ့ အေတီအမ် (ATM) စက်တွေရဲ့ (၄၇) ရာခိုင်နှုန်းကိုပဲ ပိတ်ထားပါသေးတယ်။ အစောင့်အကြပ်ရှိတဲ့ ဘဏ်နားက စက်တွေကိုတော့ ဖွင့်ထားတုန်းပါပဲ။ အာဏာပိုင်တွေကတော့ လူလိမ်တွေအနေနဲ့ အေတီအမ် (ATM) စက်ထဲကို Malware သွင်းပြီး စက်ကို ကွန်ယက်ကနေ ဖြုတ်ထုတ်လိုက်ပါတယ်။ ပြီးတော့မှ စက်ထဲကျန်တဲ့ငွေတွေကို ထုတ်သွားတာပါလို့ ပြောပါတယ်။ ဒီလို ကွန်ယက်က ဖယ်လိုက်ချိန်မှာလည်း သတိမထားမိအောင် စီမံထားလို့ ခုလို ဆုံးရှုံးမှုတွေ ဖြစ်သွားတာပါ။

FireEye ဆိုင်ဘာလုံခြုံရေး လုပ်ငန်းကတော့ ဒီ Ripper ဟာ နာမည်ကြီး အေတီအမ် (ATM) စက်တံဆိပ် ၃ ခုမှာ အလုပ်လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။ Malware ဝင်သွားပြီ:နောက်မှာ ကြိုတင်ဖန်တီးထားတဲ့ အေတီအမ်ကတ်ကို ထည့်လိုက်တာနဲ့ ငွေထုတ်သွားနိုင်ပါပြီ။ ဒီ malware ဟာ နောင်တော်တွေရဲ့ ကောင်းကွက်လေးတွေကို အမွေဆက်ခံထားတဲ့ မျိုးဆက်သစ်တစ်ခုပါပဲ။ SUCEFUL လိုမျိုး ကတ်တွေ သွင်းလို့၊ ထုတ်လို့ရအောင် လုပ်ထားပါတယ်။ Padpin (Tyupkin) လိုမျိုး ကွန်ယက်အနေ အဆက်ပြတ်အောင် လုပ်နိုင်ပြန်ပါတယ်။ GreenDispenser လိုမျိုး မှတ်တမ်းမှတ်ရာ ဖျက်ဖို့လည်း Delete ဆိုတဲ့ Tool တစ်မျိုးလည်း ပါနေတာကြောင့် ခြေရာလက်ရာလည်း မကျန်စေပါဘူး။ နည်းပညာ အဆင့်မြင့်တာအပြင် ကင်မရာတပ်တာ၊ လူစောင့်ထားတာတွေလည်း လုပ်ဖို့လိုပါတယ်။ ဒီအချက်တွေက သူခိုးတွေရဲ့ ခိုးချင်ဝှက်ချင်တဲ့ဉာဉ်ကိုလည်း ဟန့်တားရာရောက်ပါတယ်လို့ FireEye က လုံခြုံရေးသုတေသီ ဒန်နီရယ် ရီဂယ်လာဒို (Daniel Regalado) က ဖြည့်ပြောသွားပါသေးတယ်။

ချန်ဖွန် (Chumphon)၊ ပက်ချာဘူရီ (Phetchaburi)၊ ဖူးခက် (Phuket)၊ ဆူရက်သနီ (Surat Thani)၊ ပရာချူရက်ကီရီခန် (Prachuap Khiri Khan) စတဲ့ ပြည်နယ်တွေမှာရှိတဲ့ အေတီအမ် (ATM) စက် ၂၁ လုံးကနေ ငွေတွေ ထုတ်သွားတာပါ။ အုပ်စုဖွဲ့ လုပ်သွားတာဖြစ်ပြီးတော့ ညဘက် လူပြတ်ချိန်မှာ အလစ်အငိုက်ယူသွားတာပါ။ ဆူရက်သနီမှာဆိုရင် အေတီအမ် (ATM) စက် ၄ လုံးကနေ ထိုင်း ဘတ်ငွေ ၂.၆ သန်းအထိ ထုတ်သွားနိုင်ခဲ့တာပါ။

ဒီလိုဖြစ်ရပ်မျိုးက အရင်လကလည်း ထိုင်ဝမ်မှာ ဖြစ်ပြီးပြီမို့ ထိုင်းရဲနဲ့ ထိုင်ဝမ်ရဲ ပေါင်းပြီး စုံစမ်းနေတယ်လို့ နှစ်ဖက်မီဒီယာတွေကတော့ ဖော်ပြနေပါတယ်။ ဂျူလိုင်က အစတုန်းကလည်း ထိုင်ဝမ်မှာ ဒေါ်လာ (၂.၁၈) သန်းဖိုးလောက် ငွေလိမ်ထုတ်သွားဖူးပါတယ်။ ကနဦးစုံစမ်းမှုမှာတော့ ရုရှားလူမျိုးနှစ်ယောက်လို့ သိထားပါတယ်။ နောက်ပိုင်းမှာ (၁၃) ယောက်ပါတဲ့ အဖွဲ့ဖြစ်ပြီးတော့ ရုရှား (၅) ယောက်ပါတယ်လို့ သတင်းထပ်ရပါတယ်။ ဒါပေမဲ့ သံသယရှိတဲ့သူတွေအကုန် နိုင်ငံထဲက ထွက်သွားပြီဖြစ်လို့ စစ်တာဆေးတာတော့ လုပ်မရခဲ့ပါဘူး။

နောက်တစ်ပတ်အကြာမှာ အင်တာပိုရဲ့ အကူအညီနဲ့ ရုရှားမှာရှိတဲ့ ထိုင်ဝမ်သံရုံးကတစ်ဆင့် တရားခံ (၃) ယောက်ကို ဖမ်းမိခဲ့ပါတယ်။ လက်ဗေးရီးယားက တစ်ယောက်၊ ရိုမေးနီးယားက တစ်ယောက်နဲ့ မော်လဒိုက်က တစ်ယောက်ပါ။ သူတို့ရဲ့ ဝန်ခံချက်အရတော့ အဖွဲ့သားအားလုံးက အရှေ့ဥရောပကတွေ ဖြစ်ပြီးတော့ အဖွဲ့သား (၃၈) ယောက် ရှိပါသတဲ့။ ထိုင်ဝမ်မှာတုန်းကတော့ ပစ်မှတ်ထားခဲ့တဲ့ အေတီအမ်စက်တွေက ဂျာမနီလုပ် Wincor Nixdorf စက်တွေပါ။ သူတို့ကိုလည်း Malware သုံးပြီး လုပ်သွားတာပါပဲ။ ဇာတ်ကားထဲကလိုပဲ ငွေထုတ်သွားတဲ့သူတွေပေါ်ပြီး ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းရမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါပဲ။

15-9-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ထိုင်းနိုင်ငံရှိ ATM ငွေထုတ်စက်များ ဖောက်ထွင်းခံရခြင်း ထိုင်းနိုင်ငံရှိ ATM ငွေထုတ်စက်များ ဖောက်ထွင်းခံရခြင်း Reviewed by Myanmar Ethical Hacking News on 8:01 PM Rating: 5

No comments:

MEHN Team. Powered by Blogger.