လူမဟုတ်တဲ့ ဟက်ကာ



ပန်တဂွန်ရဲ့ ဒေါ်လာ ၂ သန်းတန်ဆုကို ဆွတ်ခူးထားတဲ့ Mayhem ဟာ အင်တာနက်ကြီ:ကို ပြုပြင်ဖို့ အသင့်ဖြစ်နေပါပြီ။ လုံခြုံရေးလုပ်ငန်းသစ်တစ်ခုဖြစ်တဲ့ ForAllSecure ရဲ့ ထုတ်ကုန် Mayhem ကို ပရော်ဖက်ဆာ ဒေးဗစ် ဘရမ်လေ နဲ့ သူ့ရဲ့ ဒေါက်တာဘွဲ့ယူမဲ့ တပည့်နှစ်ယောက်က ပေါင်းရေးထားတာပါ။ ဘရမ်လေရဲ့ အဆိုအရတော့ Mayhem ကို အင်တာနက်ပေါ်က ဈေးကွက်ဝင်ပစ္စည်းတွေရဲ့ အားနည်းချက်တွေကို အလိုအလျောက် ရှာဖွေ ပြုပြင်သွားဖို့ ပုံသွင်းပေးနေတယ်လို့ သိရပါတယ်။ အဓိကကတော့ Router နဲ့ အင်တာနက်ကင်မရာတို့လို Online  ချိတ်သုံးတဲ့ ပစ္စည်းတွေအတွက်ပါ။

အဲဒီ့ပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီကြီ:တွေနဲ့လည်း ချိတ်ဆက်လုပ်ကိုင်ပြီး စမ်းသပ်မှုတချို့ လုပ်ထားပြီးပါပြီ။ အဓိကရည်ရွယ်တာကတော့ ကုမ္ပဏီတွေကလည်း မလုပ်ပေးနိုင်၊ သုံးစွဲသူတွေဘက်ကလည်း ဂရုစိုက်မှုနည်းတဲ့ ဒီလိုထုတ်ကုန်တွေကို လုံခြုံရေးနဲ့ဆိုင်တဲ့ Update တွေ ပုံမှန်ထောက်ပံ့နိုင်ဖို့ပါ။ အရင်နှစ်တုန်းက တစခန်းထလာတဲ့ IoT Botnets တွေကြောင့် Reddit နဲ့ Twitter အပါအဝင် နာမည်ကြီ: ဝက်ဘ်ဆိုက် (Website) တချို့တောင် လိုင်းကျတဲ့ အခြေအနေ ဆိုက်ခဲ့တာပါ။ ဒီလိုအခြေအနေမျိုးဟာ Mayhem သာ ရှိနေရင် ဖြစ်လာစရာ မရှိပါဘူး။

"အခုအခြေအနေက စက်တခုထဲ Malware ဝင်သွားမယ်ဆိုရင် Patch မထည့်မချင်း ရက်ပိုင်းကာလကနေ ရက်သတ္တပါတ် အတော်ကြာတဲ့အထိ စက်ထဲမှာ ရှိနေမှာပါ။ Mayhem သာ အောင်မြင်ခဲ့မယ်ဆို လုံခြုံရေးအားနည်းချက်တခုကို သိထားတဲ့ ဟက်ကာတယောက်က စက်တမျိုးကို ဝင်ရောက်လိုက်ပြီဆိုတာနဲ့ အလားတူစက်တွေကို မဝင်နိုင်အောင် Patch လုပ်ပေးနိုင်မယ့် အခြေအနေကို ရောက်သွားမှာပါ" လို့ ဘရမ်လေက ပြောပါတယ်။

မနှစ်က Mayhem နည်းပညာ ထည့်သွင်းထားတဲ့ Router Firmware Image ပေါင်း ၂၀၀၀ လောက်ကို ဘရမ်လေက ကြေငြာပေးခဲ့ပါတယ်။ [https://www.dcddcc.com/docs/2016_paper_firmadyne.pdf] ဖော်ပြခဲ့တဲ့ ထုတ်ကုန်အမျိုးအစား ၉၈ ခုမှာ ၄၀ ရာခိုင်နှုန်းလောက်ဟာ လုံခြုံရေးအားနည်းချက်အနေနဲ့ အနည်းဆုံးတခုစီလောက် ရှိနေတာ တွေ့ရမှာပါ။ Mayhem ဟာ Software Build ပေါင်း ၆၉ ခုကနေ အရင်က မတွေ့သေးတဲ့ လုံခြုံရေးအားနည်းချက် ၁၄ ခုကို ရှာတွေ့ ထားပါတယ်။ လောလောဆယ်မှာ ForAllSecure ဟာ DoD (Department of Defense) နဲ့ ပူးပေါင်းပြီး အင်တာနက်ပေါ်က လုံခြုံရေးယိုပေါက်တွေကို ဘယ်လိုပြင်ဆင်မလဲဆိုတာ စမ်းသပ်နေပါတယ်။

ပန်တဂွန်ရဲ့ DARPA (Defense Advanced Research Projects Agency) က ကျင်းပတဲ့ Cyber Grand Challenge ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ Mayhem ဟာ လုံခြုံရေးပညာရှင်တွေရဲ့ အလုပ်တွေကို အလိုအလျောက်လုပ်ဆောင်နိုင်ဖို့ ကြံဆထားတာပါ။ ဆာဗာဆော့ဝဲလ် (Server Software) တွေကို ကာကွယ်ဖို့၊ Patch လုပ်ပေးဖို့နဲ့ တခြားအဖွဲ့က ဖန်တီးထားတဲ့ဆော့ဝဲလ်ရဲ့ အားနည်းချက်တွေကိုပါ ကျော်လွှားနိုင် စစ်ဆေးနိုင်အောင် ပြိုင်ပွဲဝင် အဖွဲ့တွေအနေနဲ့ ပြင်ဆင် ပေးရတာပါ။ ယှဉ်ပြိုင်ချိန် (၁၂) နာရီကြာခဲ့ပြီး အကျိတ်အနယ်ရှိခဲ့ပါတယ်။ 

ကာလီဖိုးနီးယားတက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ ဂျီရိုဗန်နီ ဗစ်ဂနာကတော့ ဒီလိုပြိုင်ပွဲရှိလာတာ ကောင်းပေမဲ့ လုံခြုံရေးအားနည်းချက်တွေကို အလိုအလျောက်ပြင်ဆင်ဖို့ဆိုတာက လက်တွေ့မှာ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ ဝိုင်းဝန်းပူးပေါင်းမှုကလည်း လိုသေးတာကိုး။

"ခင်ဗျားက Router ကုမ္ပဏီပဲ ထားပါတော့။ ကိုယ့်စက်ကို ပိုကောင်းသွားစေမလား၊ offline ဖြစ်သွားစေမလား မသေချာတဲ့ ဒီ Patch ကို အသွင်းခံမလား" လို့ ဗစ်ဂနာက ပြောပါတယ်။ ဗစ်ဂနာဟာ အဲဒီ့ပြိုင်ပွဲတုန်းက တတိယရခဲ့တဲ့ MechnicalPhish ဆော့ဝဲလ်ကို ဖန်တီးတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ သူကတော့ MechnicalPhish ကို တခြားသူတွေ လေ့လာနိုင်အောင် open-source လုပ်ထားပေးပါတယ်။ [https://github.com/mechaphish]

ဘရမ်လေကလည်း ဒီပြဿနာကို လက်ခံပါတယ်။ "US အစိုးရအပါအဝင် လူတော်တော်များများဟာ ဆော့ဝဲလ်နဲ့ လုပ်ဖို့ထက် လူနဲ့လုပ်ရတာကို ပိုသဘောကျနေတုန်းပါ" လို့ ပြောပါတယ်။ "ကျနော် ဇွတ်လုပ်ချင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလိုဖြစ်နေတာက လုပ်ရကိုင်ရ နှေးစေတယ်" လို့ ဘရမ်လေက ဖွင့်ဟပါတယ်။ သူကတော့ အလိုအလျောက်အလုပ်လုပ်တဲ့ ဟက်ကာ (Hacker) တွေဟာ သူတို့နဲ့ ထိုက်တန်တဲ့နေရာ ရှိရမယ်လို့ မျှော်လင့်နေပါတယ်။

23-2-2017
သတင်း စီစဉ်တင်ဆက်သူ - Nub90d (MEHN Team)
လူမဟုတ်တဲ့ ဟက်ကာ လူမဟုတ်တဲ့ ဟက်ကာ Reviewed by Myanmar Ethical Hacking News on 5:50 PM Rating: 5

No comments:

MEHN Team. Powered by Blogger.