ကတုံးပေါ်ထိပ်ကွက်ရန် ကြံစည်ခံရသည့် AlphaBay



အမှောင်ကွန်ယက်ရှိ ဈေးတစ်ခုဖြစ်သော AlphaBay အား မျှားဖမ်းသည့်နည်း (Phishing Technique) ကိုအသုံးပြု၍ သုံးစွဲသူများ၏ ဝင်ခွင့်အချက်အလက်များ (Login Credential) ကို လူလိမ်အချို့က ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ထိုသို့ပြုလုပ်နိုင်ရန် AlphaBay ၏ Tor လိပ်စာများထဲမှ တစ်ခုကို မျှားဖမ်းသည့် ဆိုက်ဒ်အဖြစ် ပုံတူပွားထားသည်။

တရားမဝင်ပစ္စည်း အားလုံးကို ရောင်းချမည်ဟု ကြေငြာထားသော AlphaBay အနေဖြင့် ဝင်ရောက်ဝယ်ယူ ရောင်းချလိုသူ အားလုံးကို သာမန် www မှ onion သို့ပြောင်းပေးသည့် ဂိတ်ဝေး (Gateway) များကို မသုံးဘဲ Tor ကွန်ယက်နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ၀င်ရောက်အသုံးပြုရန် သတိပေးထားခဲ့သည်။ ယခုအခါ ဤအချက်သည်ပင် စိတ်ပူစရာ မဟုတ်တော့ပေ။ မျှားဖမ်းသည့်ဆိုဒ်များ ဖန်တီးကာ အီးမေးလ်ပေးပို့ခြင်းဖြင့် အသုံးပြုသူများ၏ ဝင်ခွင့်အချက်အလက်များကို ရယူရန် ကြိုးပမ်းသည့် ဖြစ်စဉ်များ ရှိလာခြင်းကြောင့် ဖြစ်သည်။




AlphaBay ၏ ဝင်ခွင့်စာမျက်နှာအစစ်

ကနဦးကာလတွင် ကတ်အတုများကို လဲလှယ်ရောင်းချသည့် ရုရှားစကားဝိုင်းတစ်ခုမှ စတင်လာခဲ့သည့် AlphaBay သည် ယခုအခါ ကတ်များသာမက မူးယစ်ဆေးဝါးနှင့် လက်နက်များကိုပါ ရရှိနိုင်ပြီဖြစ်သည်။ AlphaBay သည် ဝက်ဘ်ဆိုက်ဒ်၏ တည်နေရာအမှန်ကို ဖုံးကွယ်နိုင်စေရန် Tor ကွန်ယက်ကို အသုံးပြုထားသည်။ AlphaBay ၏ လိပ်စာအမှန်မှာ pwoah7foa6au2pul။onion ဖြစ်သည်။ ထိုသို့ ဖွက်ထားသည့် လိပ်စာများသည် အများသုံး သော့ချက်ဂဏန်း (Public Key) များမှ ရရှိလာခြင်းဖြစ်၍ ပိုင်ရှင်ထံမှ ဆက်စပ်သော့ချက်ဂဏန်း (Key Pair) မရှိဘဲ ပုံတူပွား၍ မရနိုင်ပေ။ သို့ရာတွင် scallion ကဲ့သို့သော Tool များကို အသုံးပြု၍ အသွင်တူလိပ်စာများကို မိနစ်ပိုင်းအတွင်း ပြောင်းလဲနိုင်သည်။ အကောင်းဆုံးဥပမာမှာ pwoah7foa6au2pul။me။pn ဟူသော မျှားဖမ်းသည့်ဝက်ဘ်ဆိုက်ဒ်မှ အသုံးပြုထားသည့် လိပ်စာမျိုး ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သာမန်အသုံးပြုသူများအနေဖြင့် AlphaBay ၏ လိပ်စာအမှန်ကဲ့သို့ ထင်မှတ်သွားစေသည်။ သို့ရာတွင် တကယ်တမ်း ရောက်ရှိသွားသည်မှာ ဂျာမနီနိုင်ငံအခြေစိုက် www။attractsoft။com မှ လက်ခံထိန်းသိမ်းပေးထားသည့် မျှားဖမ်းသောဆိုက်ဒ်တစ်ခုသို့သာ ဖြစ်သည်။



အတုစာမျက်နှာ

ဤနည်းဖြင့် လိမ်လည်ခြင်းကို ယခုလ (၄) ရက်နေ့တွင် စတင်တွေ့ရှိခဲ့ရပြီး ယနေ့တိုင် လုပ်ဆောင်နေလျက် ရှိသေးသည်။ AlphaBay ၏ ဝင်ပေါက်စာမျက်နှာကဲ့သို့ ပုံဖမ်းထားသည့် ၀ဘ်ဆိုဒ်အတုသည် သားကောင်များထံမှ အသုံးပြုသည့် အမည်နှင့် စကားဝှက်တို့ကို ရယူသည်။ သိသာသည့်အချက်မှာ AlphaBay ၏ ဝင်ပေါက်စာမျက်နှာအစစ်တွင် ဖြည့်စွက်သည့် CAPTCHA မှန်/မမှန်ကို စစ်ဆေးပြီး အတုမှာမူ CAPTCHA မှားယွင်းနေပါကလည်း ဝင်ရောက်ခွင့် ပေးထားသည်။ ရရှိလာသည့် ဝင်ခွင့်အချက်အလက်များကို PHP Script ဖြင့် စုဆောင်းကာ AlphaBay ၏ မူရင်း စာမျက်နှာသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။



HTML source ပွားယူထားပုံ

မျှားဖမ်းနိုင်ရန် me။pn ဒိုမိန်းကို အသုံးပြုထားသည်မှာ အဆိုပါဒိုမိန်းများကို အခမဲ့ရနိုင်သောကြောင့် ဖြစ်သည်။ မျှားဖမ်းသည့်ဝက်ဘ်ဆိုက်ဒ်အတွက် HTML Source များမှာမူ ဒိုမိန်းများအား မှတ်ပုံတင်ပေးနေသည့် GoDaddy ၏ onion-market။co ထံတွင် မှတ်ပုံတင်ထားသည့် အခြားမျှားဖမ်းသူတစ်စုထံမှ ကူးယူခဲ့ကြောင်း တွေ့ရသည်။
သဘောကျစရာကောင်းသည်မှာ AlphaBay တွင် ရောင်းဝယ်နေသည့် အချို့သောဝန်ဆောင်မှုများမှာ မျှားဖမ်းပြီး နောက်ရရှိလာသည့် အချက်အလက်များဖြစ်ရာ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးကို ကတုံးပေါ်ထိပ်ကွက်ရန် ကြိုးပမ်းခြင်း ဟု ဆိုရမည်ဖြစ်သည်။

၂၀၁၄ နှစ်ကုန်ပိုင်းတွင် စတင်ပေါ်ပေါက်လာသည့် AlphaBay သည် Silk Road နှင့် Silk Road 2။0 တို့ ပျောက် ကွယ်သွားပြီးနောက်ပိုင်း၌ ကွက်လပ်ဖြည့်စရာတစ်ခု ဖြစ်လာခဲ့သည်။ အကြီးစား အမှောင်ကွန်ယက်ဈေးများတွင် တစ်ခုဖြစ်သည့် AlphaBay သည် Uber အကောင့်များကို ရောင်းချခြင်းဖြင့် လူသိများလာခဲ့သည်။ ၂၀၁၅ ခုနှစ် တွင် ဖောက်ထွင်းခံရသည့် TalkTalk မှ အချက်အလက်များကိုလည်း AlphaBay ပေါ်တွင် ရောင်းချနေကြောင်း တွေ့ရှိခဲ့ရ သည်။

29-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)



ကတုံးပေါ်ထိပ်ကွက်ရန် ကြံစည်ခံရသည့် AlphaBay ကတုံးပေါ်ထိပ်ကွက်ရန် ကြံစည်ခံရသည့် AlphaBay Reviewed by Myanmar Ethical Hacking News on 7:18 PM Rating: 5

No comments:

MEHN Team. Powered by Blogger.