Apple နှင့် FBI တို့ကြားမှ လွန်ဆွဲပွဲ
နည်းပညာဂုရုကြီးဖြစ်သော Apple ကုမ္ပဏီအနေဖြင့်
အိုင်ဖုန်းအသုံးပြုသူများ၏ လုံခြုံရေးအန္တရာယ်နှင့် ပတ်သက်၍ ထွေးရခက် မြိုရမလွယ်သည့်
အခြေအနေသို့ ကျရောက်နေပြီ ဖြစ်သည်။ အဆိုပါကိစ္စမှာ အက်ဖ်ဘီအိုင် (Federal Bureau of
Investigation) ထံ၌ အိုင်ဖုန်းအား သော့ဖွင့်နည်းကို ပေးရန်ဖြစ်သည်။
အမေရိကန်တရားသူကြီး Sheri Pym က Syed
Farook နှင့်ပတ်သက်သည့် အရေးကြီးအမှု အတွက် သင့်တော်သော နည်းပညာပံ့ပိုးမှုပေးရန် အမိန့်ချမှတ်ထားသည်။
Syed Farook သည် ဇနီးဖြစ်သူ Tashfeen Malik နှင့်အတူ အာနာဒီနို (Bernardino) တိုက်ခိုက်မှုအား
ကြံစည်လုပ်ဆောင်ခဲ့ပြီး အဆိုပါအကြမ်းဖက်မှု တွင် လူ (၁၄) ဦး သေဆုံးပြီး (၂၂) ယောက်
ဒဏ်ရာရခဲ့သည်။
စုံစမ်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ်
Farook ၏ iPhone 5C အတွင်းမှ သက်သေအချက်အလက်များကို ရယူရန်အတွက် အဆိုပါဖုန်းကို သော့ဖွင့်စေလိုသည်။
သို့ရာတွင် ဝှက်စာမူဝါဒအရ အသုံးပြုသူ၏ ကိုယ်ပိုင် သော့ချက်ဂဏန်းသည်သာ ပြန်ဖွင့်၍ ရစေသည့်နည်းဖြစ်ကြောင်း
Apple ကုမ္ပဏီက ရှင်းရှင်းလင်းလင်း ကြေညာထားပြီး ဖြစ်သည်။
ဤသို့သော အကျပ်အတည်းမျိုးကို လွန်ခဲ့သော
(၃) နှစ်ခန့်က Lavabit လုပ်ငန်းသည်လည်း ကြံတွေ့ခဲ့ရဖူးသည်။ ၎င်းတို့ဝန်ဆောင်သည့် အီးမေးလ်များအား
ဖတ်ရှုရန်အတွက် SSL key ကို အက်ဖ်ဘီအိုင်မှ တောင်းခံခဲ့သည်။ သို့ရာတွင် လုံခြုံရေးအား
အလေးထားသည်ကို ပြသသည့်အနေဖြင့် Lavabit က ၎င်းတို့ လုပ်ငန်းကို ပိတ်သိမ်းခဲ့သည်။
သို့သော်လည်း ကာလီဖိုးနီးယား တရားရုံးအနေဖြင့်
တရားခံ၏ အိုင်ဖုန်းအား ဝှက်စာဖြည်ရန်နှင့် သော့ဖွင့်ပေးရန် Apple ကုမ္ပဏီအား အတင်းအကြပ်
မတောင်းဆိုထားဘဲ တရားခံ၏ ဖုန်းအတွင်းရှိ အချက်အလက်များအား ရယူနိုင်မည့် သော့ဖွင့်နည်းကို
ရှာဖွေရန်သာ အမိန့်ချမှတ်ထားသည်။
Apple သည် iOS 8 မှစတင်၍ ဖုန်းအတွင်းရှိ
အချက်အလက်အားလုံးကို ဝှက်စာသွင်းမည့် 256-bit AES key ကို ထည့်သွင်းထားသည်။ အသုံးပြုသူမှ
ထည့်သွင်းသည့် စကားဝှက် (passcode) နှင့် အဆိုပါ သော့ချက် ဂဏန်းတို့ ပေါင်းစပ်ကာ ဝှက်စာသွင်းခြင်းဖြစ်၍
စကားဝှက်မရှိပါက Apple သည်လည်း သော့ဖြည်နိုင်မည် မဟုတ်ပေ။
အဆိုပါနည်းအပြင် အလိုအလျောက်ဖျက်ဆီးသည့်စနစ်
(Auto-Destruct Mode) ပါဝင်သည့်အတွက် မမှန်ကန်သည့် စကားဝှက်ကို (၁၀) ကြိမ်ထည့်သွင်းမိပါက
ဖုန်းအတွင်းရှိ အချက်အလက်အားလုံးကို ပြန်လည်ရယူခွင့်မပြုဘဲ ဖျက်ဆီးပစ်မည်ဖြစ်သည်။
စကားဝှက်သိရှိစေရန် စကားဝှက်အမျိုးမျိုးထည့်သွင်း၍
ဖော်ထုတ်မည့်နည်း (brute-forcing) ကို အက်ဖ်ဘီ အိုင်က အသုံးပြုမည်ဖြစ်၍ အဆိုပါ (၁၀)
ကြိမ်အစား အကန့်အသတ်မရှိ စကားဝှက်ထည့်သွင်းနိုင်မည့် နည်းလမ်းကို လုပ်ဆောင်ပေးရန် တရားသူကြီး
Pym က လိုလားခြင်းဖြစ်သည်။
Apple ကုမ္ပဏီအနေဖြင့် အဆိုပါ အချက်အလက်များအား
အလိုအလျောက်ဖျက်ဆီးသည့်နည်းကို ကျော်လွှား ခြင်းပြုနိုင်/မနိုင်ကို အတည်ပြုထားခြင်း
မရှိသေးပေ။
ထိုသို့ပြုလုပ်နိုင်ပါက ဥပဒေဘက်တော်သားများနှင့်
ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် ဂဏန်း ၄ လုံးသာရှိသည့် အိုင်ဖုန်းသော့များအား အချိန်တိုအတွင်း
ကျော်လွှားနိုင်မည့် အနောက်တံခါး (Backdoor) တစ်မျိုးကို သိရှိသွားမည် ဖြစ်သည်။
Apple ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်
Tim Cook ကမူ ဆန်ဘာနာဒီနိုမှ သေနတ်သမား Syed Rizwan Farook ၏ အိုင်ဖုန်းအား သော့ဖွင့်ပေးရန်
ငြင်းဆန်ထားသည်။ သူ၏ကြေညာစာတွင် Apple သုံးစွဲသူများ၏
လုံခြုံရေးအား အဟန့်အတားဖြစ်စေသည့် ယခင်ကမပေါ်ပေါက်ဖူးသော တောင်းဆိုမှုအား အမေရိကန်
အစိုးရမှ ပြုလုပ်ခဲ့ကြောင်း၊ လက်လှမ်းမီနိုင်သည့် သာမန်အခြေအနေထက် ပိုမိုသည့်အဆိုပါအမိန့်ကို
လိုက်နာရန် ငြင်းဆိုကြောင်း၊ အက်ဖ်ဘီအိုင်မှ နည်းပညာရှင်များ၏ ရည်ရွယ်ချက်ကိုလည်း လေးစားမိကြောင်း၊
ဥပဒေနှင့်အညီ မိမိတို့အခန်းကဏ္ဍအား တတ်စွမ်းသရွေ့ပါဝင်ကူညီခဲ့ပြီး ဖြစ်ကြောင်း၊ အမေရိကန်အစိုးရ၏
ယခုတောင်းဆိုချက်မှာ ကျွန်ုပ်တို့၏ မလုပ်နိုင်သည့် အရာဖြစ်ကြောင်း၊ လုပ်ဆောင်မိပါကလည်း
အလွန် အန္တရာယ်ကြီးသည်ဟု သုံးသပ်မိကြောင်း၊ အမှန်စင်စစ် ၎င်းတို့တောင်းဆိုသည်မှာ အိုင်ဖုန်းများအတွက်
အနောက်တံခါးသာဖြစ်ကြောင်း ဖော်ပြထားသည်။
Apple ကုမ္ပဏီသည် အစိုးရအဖွဲ့အစည်းများမှ
အီလက်ထရောနစ် ပစ္စည်းများတွင် နောက်တံခါးများ ထည့် သွင်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့်
ဝှက်စာစနစ်ပံ့ပိုးခြင်းအား အဓိကဦးဆောင်နေသည်။ အက်ဖ်ဘီအိုင်အား အနောက်တံခါး ဖန်တီ:ပေးလိုက်ပါက
စာတိုများ၊ ကျန်းမာရေးမှတ်တမ်းများမှသည် အိုင်ဖုန်းများ၏ ကင်မရာနှင့် အသံဖမ်းခွက်များကိုပါ
ထိန်းချုပ်နိုင်စွမ်း ရှိလာမည်ဖြစ်ရာ Cook ၏ ရပ်တည်ချက်မှာ မှန်ကန်သည်ဟု ဆိုရပေမည်။
ကြေညာစာ၏ နောက်ဆုံးအကြောင်းတွင် အက်ဖ်ဘီအိုင်၏ တောင်းဆိုချက်မှာ အစိုးရမှ အဓိကကာကွယ်ရမည်ဖြစ်သော
လွတ်လပ်ခြင်းနှင့် မျှတခြင်းကို သွေဖယ်နေကြောင်းကို ဖော်ပြ၍ အဆုံးသတ် ထားသည်။
22-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
Apple နှင့် FBI တို့ကြားမှ လွန်ဆွဲပွဲ
Reviewed by Myanmar Ethical Hacking News
on
6:56 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:56 PM
Rating:

No comments: