မီးပွိုင့်အား ထိန်းချုပ်ခြင်း
မြို့၏
ကားအသွားအလာများသည့် မီးပွိုင့်များအား တပြိုင်နက်တည်း မီးစိမ်းပြအောင်ပြုလုပ်၍ ပရမ်းပတာဖြစ်စေ
ခြင်းသည် ဇာတ်ကြမ်းရုပ်ရှင်များတွင် နည်းပညာကျွမ်းကျင်သူအဖြစ် ပါဝင်သည့် သရုပ်ဆောင်များ၏
ပြုမူနေကျ ကိစ္စ တစ်ခုဖြစ်သည်။ သို့သော် မီချီဂန်တက္ကသိုလ်မှ ကျောင်းသားတစ်ဖွဲ့၏ လေ့လာချက်အရ
Laptop တစ်လုံးနှင့် သင့်တော်သည့် လှိုင်းနှုန်းပါဝင်သော ရေဒီယိုရှိပါက မည်သူမဆို လက်တွေ့ပြုလုပ်နိုင်ကြောင်း
သိရသည်။ (၂၀၁၅) ခုနှစ် သြဂတ်လထုတ် စာတမ်းတွင် အဆိုပါကျောင်းသားများသည် မီချီဂန်ပြည်နယ်ရှိ
မြို့တစ်မြို့၏ လမ်းဆုံနေရာ (၁၀၀) ခန့်ကို တစ်နေရာတည်းမှ ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
မီးပွိုင့်များရှိ
ယာဉ်အသွားအလာထိန်းချုပ်သည့် ကွန်ယက်ကို တူညီသော Subnet Mask အတွင်း၌ထား၍ သစ်ပင် ကဲ့သို့
အဆင့်ဆင့် ခွဲဖြာသွားစေသည်။ အချက်ပြစနစ်တစ်ခုလုံးကို ဗဟိုထိန်းချုပ်သည့်စနစ်ဖြင့် လုပ်ဆောင်စေသည်။
ကုန်ကျစရိတ် လျှော့ချရန်နှင့် အရေအတွက်တိုးလာပါက အလွယ်တကူတိုးချဲ့နိုင်ရန် မီးပွိုင့်များကို
ကွန်ယက်အစစ် မသုံးဘဲ ကြိုးမဲ့ရေဒီယိုစနစ်ဖြင့် အစားထိုးထားသည်။ ဤအချက်သည်ပင် အားနည်းချက်ဖြစ်ခဲ့သည်။
မီးပွိုင့်စနစ်တွင်
5.8 GHz နှင့် 900 MHz တို့ကို ပေါင်းစပ်အသုံးပြုထားသည်။ တစ်ဖြောင့်တည်းဖြစ်သော မီးပွိုင့်နှစ်ခု
အတွက် အချက်အလက်ကူးပြောင်းမှု မြန်ဆန်စေရန် 5.8 GHz ကို အသုံးပြုပြီး အတားအဆီးများနေသည့်
မီးပွိုင့် နှစ်ခုကိုမူ 900 MHz ဖြင့် တွဲဆက်ထားသည်။ 900 MHz များအား ချိတ်ဆက်သည့်
Protocol မှာ Frequency-Hopping Spread-Specturm (FHSS) ဖြစ်ပြီး 5.8 GHz အတွက်မူ
802.11n ကို အသုံးပြုထားသည်။
ပုံမှန်အားဖြင့်
သာမန် ဖုန်းများ၊ ကွန်ပြူတာများနှင့်ပင် ချိတ်ဆက်ထားသည့် BSSID ကို မြင်နိုင်သည်။ သို့သော်
Protocol ကွာခြားမှုကြောင့် ချိတ်ဆက်နိုင်မည်တော့ မဟုတ်ပေ။ Protocol ရရှိသည်အထိ Reverse
Engineering ပြုလုပ်ကာ ချိတ်ဆက်ရန် လုပ်ဆောင်နိုင်သော်လည်း ပိုမိုလွယ်ကူသည့် နည်းဖြစ်သော
လှိုင်းနှုန်းချိန်ညှိနိုင်သည့် ရေဒီယို ကို သုံးစွဲခဲ့သည်။
ကွန်ယက်အား
တစ်နေရာမှ ရယူနိုင်သည်နှင့် Attacker အနေဖြင့် ကွန်ယက်အတွင်းရှိ မည်သည့်မီးပွိုင့်ကိုမဆို
အမိန့် ပေးနိုင်ခဲ့သည်။ 5.8 GHz ကွန်ယက်သည် စကားဝှက်မရှိသည့်အပြင် ဝှက်စာလည်း မသွင်းထားပေ။
ကွန်ယက်အား အသုံးပြုခွင့်ရသည်နှင့် ထပ်မံလုပ်ဆောင်ရသည်မှာ မီးပွိုင့်အားထိန်းချုပ်သော
ကွန်ထရိုလာများနှင့် ဆက်သွယ်ရန်ဖြစ်သည်။ ထိုကွန်ထရိုလာများမှာ VxWorks 5.5 ကို အသုံးပြုပြီး
အဆိုပါဗားရှင်းသည် Debugging Port ကို ဖွင့်ပေးထားသည်။
ကွန်ထရိုလာအားလေ့လာပြီးနောက်
တွဲဖက်သည့် အစိတ်အပိုင်းများဖြစ်သော အချက်ပြမီးနှင့် စောင့်ကြည့်ကင်မရာ တို့နှင့် ချိတ်ဆက်ပုံကိုလည်း
လေ့လာခဲ့သည်။ ကွန်ထရိုလာနှင့် အဆိုပါ အစိတ်အပိုင်းများ ဆက်သွယ်သည့် Packet များကို
ကြားဖြတ်ရယူ၍ လေ့လာကြည့်သောအခါ ဝှက်စာမသွင်းသည့်အပြင် စကားဝှက်လည်းမပါကြောင်း သိရသည်။
ပေးပို့သည့် Command Packet များမှာလည်း နောက်ဆုံး Byte တွင်သာ အပြောင်းအလဲရှိနေသည်။
ထို့ကြောင့် နှိပ်လိုသည့် ကွန်ထရိုလာအား အမိန့်ပေးနိုင်စေရန်နှင့် ဖြစ်ပေါ်လာသည့်ရလဒ်ကို
မြင်တွေ့နိုင်စေရန် ပရိုဂရမ်ရေးသား ခဲ့သည်။ ထို့အပြင် Script အသုံးပြုနိုင်စေရန် Command
Library ကိုလည်း ထည့်သွင်းခဲ့သည်။
လက်တွေ့စမ်းသပ်သောအခါ
ကွန်ထရိုလာတစ်ခုအား ထိန်းချုပ်ခွင့်ရရှိသည်နှင့် ကျန်ရှိသော ကွန်ယက်တစ်ခုလုံးကို ထိန်းချုပ်ခွင့်
ရရှိသွားခဲ့သည်။ မီးနီ မီးစိမ်းကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်သကဲ့သို့ စောင့်ကြည့်ကင်မရာကိုလည်း
ထိန်းချုပ်နိုင်ခဲ့သည်။ အခြားစမ်းသပ်မှုများအား ပြုလုပ်ခဲ့ရာ မောင်းနေသောကားပေါ်မှ ထိန်းချုပ်ခြင်း၊
သွားရာလမ်း တစ်လျှောက် မီးစိမ်းနေစေခြင်း၊ ထိုသို့မောင်းနှင်နေစဉ် စောင့်ကြည့်ကင်မရာအား
ပိတ်ထားခြင်းတို့ ပါဝင်သည်။
အဆိုပါစာတမ်းတွင်
ပြန်လည်ပြင်ဆင်နိုင်သည့် အားနည်းချက်များကို ဖော်ပြပေးထားပြီး လုပ်ဆောင်ရန်လည်း လွယ်ကူသည်။
အဓိကအကြံပြုချက်မှာ ကြိုးမဲ့စနစ် လုံခြုံရေးဖြစ်ပြီး 5.8 GHz ကွန်ယက်အတွက် WPA2 ဝှက်စာသွင်းစနစ်
ကို အသုံးပြုရန် ဖြစ်သည်။ 900 MHz ၏ FHSS သည် အလွယ်တကူ မချိတ်ဆက်နိုင်ပေ။
အဆင့်ဆင့်ကာကွယ်ခြင်းသည်
အကောင်းဆုံးဖြစ်ရာ ယာဉ်အသွားအလာ ထိန်းချုပ်သည့်ကွန်ယက်တွင် Firewall တစ်မျိုးမျိုး
အသုံးပြုရန်နှင့် ကွန်ထရိုလာများတွင် Default Credential အတိုင်းမထားဘဲ စကားဝှက်များ
ပြောင်းလဲ ထားရန်ကိုလည်း ၎င်းစာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့်
မြို့တစ်ခုလုံးအား ကွပ်ကဲနိုင်သည့် ယာဉ်အသွားအလာထိန်းချုပ်သည့် ကွန်ယက်ဟူ၍ သီးခြားမရှိသေးသော်လည်း
ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုခုမှ နည်းပညာအကူအညီဖြင့် အဆိုပါကွန်ယက်ကို ရရှိလာနိုင်သည်။
ထိုအချိန်တွင် ယာဉ်များအား အန္တရာယ်မဖြစ်စေရန် ကာကွယ်ပေးသည့် မီးပွိုင့်စနစ်သည် ယာဉ်များကို
အန္တရာယ်ရှိသွားနိုင်သည့် စနစ်ဖြစ်သို့ ရောက်ရှိမသွားစေရန် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို
သတိရှိရှိဖြင့် ထည့်သွင်းစဉ်းစားသွားသင့်ကြောင်း အကြံပြုလိုက်ရပါသည်။
15-2-2016
သတင်းစီစဉ်
တင်ဆက်သူ - Nub90d (MEHN Team)
မီးပွိုင့်အား ထိန်းချုပ်ခြင်း
Reviewed by Myanmar Ethical Hacking News
on
6:33 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:33 PM
Rating:

No comments: