ကမ္ဘာ့နိုင်ငံ အချို့၏ Cyber Law



အင်တာနက်ဆိုသည်မှာ အသုံးပြုသူများအတွက် အကန့်အသတ်မရှိသော နယ်မြေတစ်ခုဖြစ်သည်။ နောက်ဆုံးပေါ် သတင်းများကို သယ်လာပေးသည်။ ကြည့်လိုရာ ရုပ်ရှင်၊ ဓာတ်ပုံတို့ကို အကန့်အသတ်မရှိ ရယူခွင့်ပြုထားသည်။ စက္ကန့်ပိုင်းအတွင်း ဆက်သွယ်နိုင်ခွင့်ကိုလည်း ပေးထားသည်။ အခြားသော ကောင်းကွက်များလည်း အမြောက်အမြား ရှိသေးသည်။ သို့ရာတွင် အချို့နိုင်ငံများအတွက်မူ အင်တာနက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ထိုသို့မဟုတ်ပေ။ ထိုနိုင်ငံများ၏ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ထူးဆန်းသည့် ဥပဒေများကို အင်တာနက် အသုံးပြုစဉ်တွင် မလိုက်နာမိပါက မထင်မှတ်ထားသည့် ပြစ်ဒဏ်များကို ကျခံသွားနိုင်ဖွယ်ရာရှိသည်။ အောက်ပါအချက်များမှာ အဆိုပါ ဖြစ်စဉ်များထဲမှ ရွေးထုတ်ထားခြင်းပင် ဖြစ်သည်။


ဝိုင်ဖိုင် ဖွင့်ထားမိခြင်း

ဝိုင်ဖိုင်ဖွင့်ပြီး စကားဝှက်မထားပါက ထောင်ကျသွားနိုင်သည်။ မိမိ၏ ဝိုင်ဖိုင်မှတစ်ဆင့် ရာဇဝတ်သားများ၊ အကြမ်းဖက်သမားများမှ တစ်ဆင့်ခံ အသုံးပြုသွားခြင်းဖြင့် ဘုမသိဘမသိ ထောင်ကျရခြင်းကို နိုင်ငံအများစုတွင် တွေ့ရတတ်သည်။ ထိုသို့ဖြစ်ခဲ့သူတစ်ဦးမှာ Barry Covert ဖြစ်သည်။ သူ၏ ပွင့်နေသည့် ဝိုင်ဖိုင်ကို အသုံးပြုကာ အိမ်နီးနားချင်းတစ်ဦးက ကလေးများအား လိင်အကြမ်းဖက်သည့် ဝက်ဘ်ဆိုက်ဒ်များသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ရဲများက ဖမ်းဆီးစစ်ဆေးသည့်အခါ Barry ၏ ကွန်ပျူတာအတွင်း၌ မည်သည့်သဲလွန်စမျှ မတွေ့ရသော်လည်း သူ၏ အိမ်နီးချင်းအား မဖမ်းနိုင်သေးသည့်အချိန်အထိ ထောင်နန်းစံခဲ့ရသည်။ ဝိုင်ဖိုင်လွှင့်၍ အသုံးပြုတော့မည်ဆိုပါက WPA နှင့် WPA-2 အဆင့်ရှိ ဝှက်စာစနစ်များကို အသုံးပြု၍ စကားဝှက် ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။



ရှာဖွေမှု သမိုင်းကြောင်းကို ဖျောက်ဖျက်မိခြင်း

တစ်ခါတစ်ရံတွင် သင်၏ ရှာဖွေမှု သမိုင်းကြောင်း (Search History) ကို ဖျက်မိပါကလည်း သံတန်းများနောက်သို့ ရောက်ရှိသွားနိုင်သည်။ ဤသို့သောဖြစ်စဉ်မျိုးမှာ အမေရိကန်နိုင်ငံတွင် ရှိခဲ့ဖူးသည်။ David Kernell ဟူသော တန်နက်စီတက္ကသိုလ် (University of Tennessee) မှ ကျောင်းသားတစ်ဦးသည် ဒုသမ္မတအဖြစ် အရွေးခံမည့် Sarah Palin ၏ ယဟူး (Yahoo) အကောင့်ကို ရယူခဲ့သည်ဟု သံသယရှိခြင်းကြောင့် အာဏာပိုင်များ၏ စုံစမ်းမေးမြန်းခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင်မူ အသုံးပြုနေသည့် ကွန်ပျူတာအတွင်းမှ အချက်အလက်အားလုံးကို ဖျက်ဆီးထားကြောင်း တွေ့ရသဖြင့် ပို၍သင်္ကာမကင်းဖြစ်ကာ ဖမ်းဆီးခြင်းခံခဲ့ရသည်။


ကြမ်းတမ်းရိုင်းစိုင်းသည့် ပို့စ်များတင်ခြင်း

ကြမ်းတမ်းသော ပို့စ်များ၊ တွိခ်များကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆန့်ကျင်နေကြသည်။ အမေရိကန်နိုင်ငံမှ အသက် (၂၆) နှစ်အရွယ်ရှိ Leigh Van Bryan နှင့် အသက် (၂၄) နှစ်အရွယ်ရှိ Emily Bunting တို့သည် ၎င်းတို့၏ ဥရောပသို့ သွားရောက်ရာမှ အပြန်လမ်းတွင် "ဒီအပတ်ကို မြန်မြန်အတင်းစကားပြောဖို့သာ လုပ်ထားလိုက်။ ငါ အမေရိကန်ကို သွားမဖြိုခင် အဲဒါကို ပြင်ထားကြဦးနော်" (Free this week for a quick gossip။ Prep before I go and destroy America) ဟူသည့် ပို့စ်တစ်ခုကို Twitter တွင် တင်ထားခဲ့သည်။ အမေရိကန်သို့ ပြန်ရောက်သောအခါတွင် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်းကာ (၅) နာရီကြာ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ Bryan နှင့် Bunting တို့က "ဖြိုသည်" (des− troying) ဟူသည့်စကားမှာ ဗြိတန် ဗန်းစကားအနေဖြင့် "အပီကဲခြင်း" (partying) ဟူ၍ ပြောဆိုခြင်းဖြစ်ကြောင်း ခုခံခဲ့ရသည်။

ဗွီအိုအိုင်ပီ (VoIP) အသုံးပြုခြင်း

ဤအချက်မှာ နိုင်ငံတစ်ခုနှင့်တစ်ခု တူညီခြင်းမရှိပေ။ စကိုက်ဖ် (Skype) ကဲ့သို့သော ဗွီအိုအိုင်ပီ ဝန်ဆောင်မှုများအား အသုံးပြုခြင်းကို အီသီယိုးပီးယားနိုင်ငံတွင် တင်းကြပ်စွာ တားမြစ်ထားသည်။ နိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေအသစ်အရ အသံ အရုပ်နှင့် သတင်းတို့ကို ဖလှယ်နိုင်သည့် ဗွီအိုအိုင်ပီဝန်ဆောင်မှုများကို ဥပဒေအရ ပိတ်ပင်ထားသည်။ ထိုသို့သောနိုင်ငံမျိုးသို့ အလည်အပတ်သွားရောက်မိပါက စကိုက်ဖ်ကို မေ့ထားရမည်ဖြစ်သည်။


ဗွီဒီယိုထဲတွင် ကပြခြင်း

အီရန်နိုင်ငံတွင် ဤလုပ်ရပ်သည် အလွန်ရဲတင်းစွာ ကျူးလွန်သည့် ပြစ်မှုဖြစ်သည်။ Pharrell Williams ၏ Happy သီချင်းတွင် ပါဝင်ကပြခဲ့သည့် လူ (၆) ဦးမှာ အကျဉ်းချခံခဲ့ရသည်။ အီရန်တရားရုံးမှ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ပြီး ကြိမ်ဒဏ် (၉၁) ချက်နှင့် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် အမိန့်ကို ဆိုင်းငံ့ပြီး (၃) လအကြာ တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အခြားအမှုတစ်ခုမှာ တီဟီရန် (Tehran) တွင် လမ်းများ၊ အမိုးများပေါ်တွင် ကပြခဲ့သည့် အမျိုးသား (၃) ဦ:နှင့် အမျိုးသမီး (၃) ဦ:တို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ရုရှားနိုင်ငံတွင်လည်း ဒုတိယကမ္ဘာစစ်အထိန်းအမှတ်ကျောက်တိုင်အနီးတွင် တရားမဝင် ကခုန်၍ ဗွီဒီယိုရိုက်ကူးခဲ့သည့် လူငယ်တစ်ဦးနှင့် အမျိုးသမီး (၂) ဦ:အား ထောင်ဒဏ်ပေးခဲ့သည်။


မှတ်ချက်ပြုခြင်း

ဆီးရီးယားသည် အတိုက်အခံနှင့် အစိုးရတပ်များအကြားတွင် တိုက်ပွဲများဖြစ်ပွားနေသည်။ သို့သော်လည်း အင်တာနက်တွင် မှတ်ချက်ပြုခြင်းသည် ဆီးရီးယားနိုင်ငံတွင် ရာဇဝတ်မှုမြောက်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ၂၀၀၇ ခုနှစ်အတွက် အစီရင်ခံချက်အရ ကန့်ကွက်ထားသည့် ဝက်ဘ်ဆိုက်ဒ်တစ်ခုတွင် မှတ်ချက်ပြုသည့် လူ (၂) ဦး အား ဖမ်းဆီး၍ အမည်မသိ နေရာတစ်ခုသို့ ဆီးရီးယားအစိုးရမှ ပို့ဆောင်လိုက်ကြောင်း ဖော်ပြထားသည်။


ဆောင်းပါးများအား ဘာသာပြန်ခြင်း

မည်သည့်နိုင်ငံတွင်မဆို ထုတ်ဝေရန်တားမြစ်ထားသည့် စာအုပ်များကို ဘာသာပြန်ခြင်းသည် လေးထောင့်ကွက်အခန်းငယ် အတွင်းသို့ ရောက်ရှိသွားနိုင်သည်။ ထိုသို့လုပ်ဆောင်ခဲ့သည့် အမေရိကန်နိုင်ငံသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ သူ၏ဘလော့ဂ်ရှိ ဘာသာပြန်ထားသော ဆောင်းပါးသည် ဘုရင်စနစ်အားဆန့်ကျင်သည့် အကြောင်းအရာများ ဖြစ်သောကြောင့်ဖြစ်သည်။ ထိုင်းအာဏာပိုင်များအနေဖြင့် ၎င်းတို့၏ဘုရင်သည် တော်ဝင်လူသားဖြစ်သည်။ ဘုရင်အားဆန့်ကျင်သည့် အကြောင်းအရာအား ဖေ့ဘွတ်ခ်တွင် တင်ခြင်းသည် ထိုင်းဥပဒေအရ ထောင်ဒဏ်ကျခံရ နိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ၌လည်း "ဘုရားဆိုတာ မရှိဘူး" (God does not Exist) ဟူသော စာသားအား ဖေ့ဘွတ်ခ်တွင် တင်မိသည့်အတွက် ထောင် (၂) နှစ် ကျခံခဲ့ရသည်။


လောင်းကစားပြုခြင်း

အွန်လိုင်းလောင်းကစားခြင်းကို နိုင်ငံအများစုတွင် တားမြစ်ထားသည်။ အွန်လိုင်းပေါ်၌ ပိုကာနှင့် ဘလက်ခ်ဂျက်ကဲ့သို့သော လောင်းကစားခြင်းကို လူသိရှင်ကြားပြုလုပ်မိပါက ထောင်နန်းစံရနိုင်သည်။


ဖိုင်များအား ဝေစားမျှစားပြုခြင်း

ဖိုင်များအား မျှဝေခြင်းသည် သဘောတူထားမှုအား ချိုးဖောက်ခြင်းဖြစ်သည်။ အချို့နိုင်ငံများတွင် ရရှိလာသော ရုပ်ရှင်၊ ဓာတ်ပုံများကို စိတ်တိုင်းကျ ဝေမျှနိုင်သော်လည်း အချို့နိုင်ငံများတွင် တရားမဝင်သော လုပ်ရပ်ဖြစ်သည်။ အချို့နေရာ များတွင် torrent များဖြင့် ဒေါင်းလုဒ်ရယူခြင်းသည်ပင် ဥပဒေနှင့် မညီပေ။


ဖေ့ဘွတ်ခ်ပေါ်တွင် သီချင်းစာသားများ ရေးတင်ခြင်း

ဤကိစ္စမျိုးသည် ဖြစ်လေ့ဖြစ်ထ မရှိသော်လည်း ဖြစ်ဖူးသည့်သာဓက ရှိခဲ့သည်။ အမေရိကန်မှ အာဏာပိုင်များသည် ကျောင်းသား/ရက်ပါတစ်ဦးဖြစ်သော Cameron D'Ambrosio အား ရက်ပ်စာသားများကို ဖေ့ဘွတ်ခ်ပေါ်တွင် တင်ထားခဲ့ခြင်းအတွက် ဖမ်းဆီးခဲ့သည်။ ရဲအဖွဲ့၏ စွဲချက်များတွင် ရက်ပ်စာသားများအတွင်း၌ အကြမ်းဖက်လိုသည့် သဘောဆန္ဒများရှိကြောင်း ဖော်ပြထားသည်။ အစိုးရရှေ့နေကမူ ဗုံးဖောက်ခွဲမှု၊ ယာဉ်အပိုင်စီးမှုများ ပြုလုပ်ရန် ကြံစည်သည်ဟူ၍ စွဲချက်တင်သည်။ ဤသို့သော ပြစ်မှုမျိုးသည် အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် အနှစ် (၂၀) အထိ ကျခံရနိုင်သည်။

အွန်လိုင်းပေါ်ရှိ အပြုအမူတစ်ခုကြောင့် ထောင်ဒဏ်ကျခံရနိုင်သည့် ဥပဒေအမြောက်အမြားရှိသည်။ လူမျိုးစွဲမှတ်ချက်များ၊ ဘာသာရေးပုတ်ခတ်မှုများသည် မသင့်လျော်သောအပြုအမူအဖြစ် ကမ္ဘာတစ်ဝှမ်းက လက်ခံထားကြသည်။ အချို့နိုင်ငံများရ၏ ထူးခြားသောဥပဒေများကို မသိရှိထားလျှင် မှတ်ချက်မပြုမိသည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။

18-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ကမ္ဘာ့နိုင်ငံ အချို့၏ Cyber Law ကမ္ဘာ့နိုင်ငံ အချို့၏ Cyber Law Reviewed by Myanmar Ethical Hacking News on 9:57 PM Rating: 5

No comments:

MEHN Team. Powered by Blogger.