Facebook ၏ XSS အားနည်းချက်



လုံခြုံရေးဆိုင်ရာ သုတေသီတစ်ဦ:ဖြစ်သည့် Jack Whitton သည် အသုံးပြုသူများ၏ Facebook အကောင့်ကို Attacker များ ရယူသွားနိုင်မည့် ဆိုးရွားသော XSS (Cross-Side Scripting) အားနည်းချက်ကို တွေ့ရှိခဲ့သည်။ တိုက်ခိုက်မှုတွင် အပိုင်း (၂) ပိုင်းပါဝင်သည်။ တစ်ခုမှာ Content Type နှင့် ပတ်သက်ပြီး အခြားတစ်ခုမှာ DNS ဆိုင်ရာ ကိစ္စတစ်ခု ဖြစ်သည်။

Whitton သည် Upload ပြုလုပ်နေသည့် ဖိုင်ကို ကြားဖြတ်ရယူခဲ့သည်။ ထို့နောက် ၎င်းဖိုင်၏ Extension ကို Html အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သည်။ ပုံမှန်အားဖြင့် upload ပြုလုပ်နေသည့် ဓာတ်ပုံနှင့် ဗွီဒီယိုများကို ထိုသို့ ပြုလုပ်ရန် ခွင့်မပြုသော်လည်း Ads Manager ဖြင့် Upload ပြုလုပ်သော ဓာတ်ပုံများကိုမူ Extension ပြောင်းလဲခွင့် ပေးထားကြောင်း တွေ့ရှိခဲ့သည်။


Exif နှင့် iTXt ရှိ Metadata များကို Facebook မှဖယ်ရှားသောကြောင့် PNG ဖိုင်၏ ဓာတ်ပုံနှင့်ဆိုင်သော အချက် အလက်များသာ ထားရှိသည့် IDAT အပိုင်းပေါ်တွင် XSS Payload တစ်ခုကို ထည့်သွင်းစမ်းသပ်ခဲ့သည်။ သို့သော်လည်း Facebook ၏ Content Delivery Network (CDN) သည် Sandbox ပြုလုပ်ထားခြင်းကြောင့် ဓာတ်ပုံအတွင်းရှိ Payload ကို အသုံးပြုနိုင်ခြင်း မရှိသေးပေ။

ထို့နောက်တွင် CDN အတွင်းသို့ Script ထည့်သွင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့ပြီးနောက် အဆိုပါ Script ကို Run စေမည့်လင့်ခ်ကို အန္တရာယ်မရှိသည့် သာမန်ဝက်ဘ်ဆိုက်အသွင်ဖြင့် အသုံးပြုသူများထံ ပေးပို့ခဲ့သည်။ Request များကို Facebook ထံသို့ တိုက်ရိုက်ရောက်ရှိစေရန် iframe အတွင်း၌ ထည့်သွင်းနိုင်သည့် Facebook Plugin အား အသုံးပြုခဲ့သည်။ အဆိုပါ iframe သည် CSRF (Cross-Side Request Forgery) အား ကာကွယ်ထားခြင်းကို ကျော်လွှားပေးသည့်အတွက် ဖြားယောင်းပြီး ထောင်ဖမ်းထားသည့်လင့်ခ်အား နှိပ်မိသည်နှင့် အသုံးပြုသူ၏ Authentication Token သည် Attacker ထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။

"iframe ထဲကို Plugin ထည့်ပြီးတာနဲ့ ကျွန်တော်တို့လုပ်စရာက Onload Event ဖြစ်လာမည့်အချိန်ကို စောင့်ဖို့ပါပဲ" ဟူ၍ Whitton က သူ၏ Blog Post တွင် ရှင်းပြထားသည်။ အသုံးပြုသူ၏ Token ရရှိပြီးပါက အကောင့်ပိုင်ရှင်ကဲ့သို့ အကောင့်အား အလုံးစုံ စီမံနိုင်မည် ဖြစ်သည်။

Whitton သည် ၎င်းအားနည်းချက်ကို Facebook အား (၂၀၁၅) ခုနှစ် ဇူလိုင်လတွင် အကြောင်းကြားခဲ့ပြီး ကုမ္ပဏီမှလည်း အဆိုပါပြဿနာကို (၆) နာရီအတွင်း ပြုပြင်နိုင်ခဲ့သည်။ လုံခြုံရေးဆိုင်ရာ အားနည်းချက်ကို တွေ့ရှိခဲ့သည့် ပညာရှင်အား Bounty Program အရ အမေရိကန်ဒေါ်လာ (၇၅၀၀) ချီးမြှင့်ခဲ့သည်။

26-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
Facebook ၏ XSS အားနည်းချက် Facebook ၏ XSS အားနည်းချက် Reviewed by Myanmar Ethical Hacking News on 5:52 PM Rating: 5

No comments:

MEHN Team. Powered by Blogger.