ရာဇဝင်ထဲမှာ SIM Card ကိုထားရစ်ခဲ့



မိုဘိုင်းလောက၏ ရှေ့ဆောင်များဖြစ်သည့် အက်ပဲ (Apple) နှင့် ဆမ်ဆောင်း (Samsung) တို့သည် ဈေးကွက်အား လှုပ်ခတ်စေမည့် ဟတ်ဝဲ (Hardware) နည်းပညာတစ်ခုကို သတင်းလွှင့်လိုက်ပြီ ဖြစ်သည်။ အဆိုပါ သတင်းမှာ မိုဘိုင်းပစ္စည်းများ၏ ဆင်းကတ် (Sim Card) နေရာတွင် ဟတ်ဝဲ တစ်ခုကို အသေတပ်ဆင်ပေးမည် ဟူ၍ ဖြစ်သည်။

Financial Times သတင်းစာမှ တင်ပြချက်အရ နည်းပညာဂုရုကြီးများအနေဖြင့် မိုဘိုင်းပစ္စည်းအတွင်း ဆင်းကတ်အား အသေတပ်သုံးနိုင်မည့် စံစနစ်တစ်ခုကို ရှာဖွေနေကြောင်း သိရသည်။ ကမ္ဘာအဝှမ်းရှိ အဓိက ဖုန်းဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ဗိုဒါဖုန်း (Vodafone)၊ အေတီအန်တီ (AT&T)၊ အောရိမ်း (Orange) နှင့် ဒပ်တယ်လီကွန်း (Deutsche Telekom) စသည်တို့နှင့် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

(၂၀၁၄) ခုနှစ်ကတည်းက ဝန်ဆောင်မှုတစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းပေးနိုင်သည့် ဆော့ဆင်း (Soft SIM) ကတ်ကို အိုင်ပက်အဲ (iPad Air) နှင့် အိုင်ပက်မီနီ (iPad Mini) တို့တွင် တပ်ဆင်ပေးခဲ့ပြီ ဖြစ်သည်။ ယခုကြံစည်ထားသကဲ့သို့ ဝန်ဆောင်သူအားလုံးဖြင့် အသုံးပြုနိုင်မည့် အသေတပ်ဆင်ထားသော ဆင်းကတ်မျိုး ပေါ်ပေါက်လာပါက အကျိုးကျေးဇူးများမည် ဖြစ်သည်။


အသုံးပြုသူအနေဖြင့် မည်သည့်ဖုန်းကို အသုံးပြုသည်ဖြစ်စေ၊ မည်သည့်ဝန်ဆောင်သူဖြင့် ချိတ်ဆက်သည် ဖြစ်စေ၊ မည်သည့်ပြုပြင်မှု/အဆင့်မြှင့်တင်မှု ပြုလုပ်သည်ဖြစ်စေ ဆင်းကတ်ပြောင်းစရာ မလိုတော့ပေ။ ဝန်ဆောင် သူများအနေဖြင့်လည်း အခြားကွန်ယက်များမှ အသုံးပြုသူများ အလျင်အမြန်ပြောင်းရွေ့လာခြင်းကို သိသိသာသာ တွေ့ရှိနိုင်မည် ဖြစ်သကဲ့သို့ ဟတ်ဝဲထုတ်လုပ်သူများအနေဖြင့်လည်း ဆင်းကဒ် ထည့်ရန် သီးသန့်နေရာ လုပ်စရာ မလိုတော့ပေ။

ထိုသို့ပြုလုပ်လိုခြင်း၏ အရေးပါသော အကြောင်းတစ်ခုမှာ အက်ပဲအနေဖြင့် ဟတ်ဝဲများအား အသေတပ်ဆင် ရခြင်းကို ပိုမိုသဘောတွေ့ခြင်းကြောင့်လည်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကုန်ကျစရိတ် သက်သာသကဲ့သို့ နေရာလွတ်ပိုမိုရရှိကာ ပါးလွှာသောဖုန်းအဖြစ် ဖန်တီးခွင့် ပိုမိုရရှိလာမည် ဖြစ်သည်။

အဆိုပါအကြောင်းရင်းများ၏ နောက်ကွယ်တွင် အဓိကအကြောင်းရင်းမှာ ဆင်းကတ်သည် အာဏာတစ်မျိုး ဖြစ်သောကြောင့်ပင်။ ငွေပေးချေခြင်းနှင့် အွန်လိုင်းပေါ်ရှိ ဝန်ဆောင်မှုများအတွက် သက်သေခံမှုများကို မိုဘိုင်း ပစ္စည်းများဖြင့် လုပ်ဆောင်နိုင်လာရာ မိုဘိုင်းဝန်ဆောင်သူများအနေဖြင့် အခြားလုပ်ငန်းများအပေါ် ဩဇာ သက်ရောက်မှု ရှိလာသည်။ ထို့ကြောင့်ပင် ကိုယ်ပိုင် အက်ပဲဆင်း (Apple SIM) အမည်ဖြင့် ဗာကျူရယ်ဆင်းကတ် (Virtual SIM Card) ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဂျီအက်အမ်အဖွဲ့အစည်း (GSMA) မှ ထုတ်ပြန်ခဲ့ပြီးသော ဆင်းကတ်အဖြစ် အဝေးမှ သတ်မှတ်ပေးသည့် နည်းပညာသည်လည်း မျှော်လင့်ချက်ကို အရောင်တောက်စေခဲ့သည်။ အဆိုပါနည်းပညာဖြင့် မိုဘိုင်းကွန်ယက် မှတစ်ဆင့် အသေတပ်ထားသည့် အီလက်ထရောနစ်ပစ္စည်းများအား မိုဘိုင်းဝန်ဆောင်မှုတစ်ခုမှ အခြားတစ်ခု သို့ ပြောင်းလဲပေးနိုင်သည်။ တယ်လီနော မမိသည့်အခါ အော်ရီဒူးသို့ အလိုအလျောက်ပြောင်းပေးခြင်းမျိုး ဖြစ်သည်။

ဆားကစ်ဘုတ်ပေါ်တွင် ဆင်းကတ်အဖြစ်ဖန်တီးထားသည့် အီးဆင်း (eSIM) နည်းပညာကိုမူ ဆမ်ဆောင်း ဂီယာ အက်တူး (Samsung Gear S2) နာရီတွင် စတင်ထည့်သွင်းပေးခဲ့ပြီး မိုဘိုင်းကွန်ယက်မှတဆင့် ဆင်းကတ် အချက်အလက်များကို ထည့်သွင်းပေးခဲ့သည်။
အဆိုပါနာရီတွင် ဆင်းကတ်အချက်အလက်များ ထည့်သွင်းပုံကို တယ်လီဖိုနီကာ (Telefonica) မှ သရုပ်ပြခဲ့သည်။ လုပ်ဆောင်ရမည်မှာ နာရီအား ဘလူးတု (Bluetooth) သုံး၍ ဖုန်းဖြင့်ချိတ်ရမည်။ ထို့နောက် ကျူအာကုတ် (QR Code) အား ဖတ်ပြီးနောက် ထိုင်စောင့်ရုံသာ ဖြစ်သည်။ ထို့အခါ ဖုန်းကွန်ယက်မှတစ်ဆင့် မိုဘိုင်းဝန်ဆောင်သူများမှ နာရီအတွင်းသို့ ဆင်းကတ်အချက်အလက်များ ထည့်သွင်းပေးမည်ဖြစ်သည်။

ဆမ်ဆောင်းနှင့် အက်ပဲတို့၏ ပစ္စည်းအသစ်များတွင် နည်းပညာအသစ်များကို ထည့်သွင်းလျက်ရှိရာ အမှန် တကယ်အလုပ်ဖြစ်ပါက သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မည့် နည်းပညာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ တယ်လီဖိုနီကာမှ လုပ်ဆောင်သွားသည့် နည်းလမ်းမှာ မိမိနိုင်ငံရှိ မိုဘိုင်းဝန်ဆောင်မှုပေးသူများနှင့် ကိုက်ညီ ခြင်းရှိ/မရှိ မသိရသေးသည့်အတွက် လိုက်လံလုပ်ဆောင်ခြင်း မပြုသေးရန် အကြံပြုလိုသည်။

25-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ရာဇဝင်ထဲမှာ SIM Card ကိုထားရစ်ခဲ့ ရာဇဝင်ထဲမှာ SIM Card ကိုထားရစ်ခဲ့ Reviewed by Myanmar Ethical Hacking News on 8:22 PM Rating: 5

No comments:

MEHN Team. Powered by Blogger.