စာလုံးပေါင်းမှား၍ အမေရိကန် ဒေါ်လာ သန်း ၈၀ အား လက်လွှတ်လိုက်ရခြင်း



ဖောင်ဒေရှင်း (Foundation) ဟူသည့် စာလုံးအား မှားပေါင်းမိသည့်အတွက် အပျောက်မရိုက်နိုင်လိုက်သည့် ဆိုင်ဘာရာဇဝတ်မှုတစ်ခု ယခင်လ နှောင်းပိုင်းက ဖြစ်ပွားခဲ့သည်။ ဘင်္ဂလားဒေ့ဗဟိုဘဏ်နှင့် နယူးယောက်ရှိ အရန်ငွေသိမ်းဆည်းသည့် ဗဟိုဘဏ်တို့မှတစ်ဆင့် ငွေကြေးများ လွှဲပြောင်းရယူစဉ် ရိပ်မိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဟက်ကာများ၏အားထုတ်မှုမှာ လုံးဝအချည်းနှီးဖြစ်သွားသည်တော့ မဟုတ်ပေ။

ဟက်ကာများသည် ဘင်္ဂလားဒေ့ဗဟိုဘဏ်မှ ကမ္ဘာ့နိုင်ငံအသီးသီ:ရှိ ဘဏ်အချင်းချင်း ငွေကြေးချိတ်ဆက်နိုင်ရန် ကွန်ယက်ဖန်တီးထားသည့် အဖွဲ့အစည်း (Society for Worldwide Interbank Financial Telecommunication) ၏ အသိအမှတ်ပြုဂဏန်း (SWIFT Code) ကို ရယူနိုင်ခဲ့သည်။ အဆိုပါနံပါတ်ဖြင့် ဘင်္ဂလားဒေ့ဘဏ်အဖြစ် အသွင်ယူကာ နိုင်ငံဖြတ်ကျော်၍ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ခဲ့သည်။

နယူးယောက်ရှိဘဏ်သို့ ဘင်္ဂလားဒေ့မှ အပ်နှံထားသည့် အရန်ငွေအတွင်းမှ ငွေများဖြစ်သည့် အမေရိကန် ဒေါ်လာသန်း (၈၀) ကို စာရင်း (၅) ခုဖြင့် ထုတ်ယူခဲ့သည်။ အဆိုပါငွေစာရင်းများကို ဖိလစ်ပိုင်နှင့် သီရိလင်္ကာရှိ ငွေစာရင်းများအတွင်းသို့ ထည့်သွင်းရန် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် ပဉ္စမမြောက်ကြိုးပမ်းမှုတွင် အမှားအယွင်းဖြစ်ခဲ့သည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရှလီကာဖောင်ဒေရှင်းအား ငွေကြေးလွှဲပြောင်းပေးရာ၌ ဟက်ကာများအနက်မှ တစ်ဦးသည် Foundation အစား Fandation ဟူ၍ စာလုံးပေါင်း မှားခဲ့သည်။ အဆိုပါအမှားကို ဒက်ခ်ျဘဏ်မှ သတိမူမိခဲ့သည့်အတွက် စုံစမ်းကြည့်ရာ သီရိလင်္ကာနိုင်ငံရှိ အန်ဂျီအိုများတွင် ရှလီကာအမည်ဖြင့် မှတ်ပုံတင်ထားသည့်အဖွဲ့ မရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် ငွေကြေးလွှဲပြောင်းမှုများကို ပြန်လည်စစ်ဆေးသည့်အခါ အမေရိကန် ဒေါ်လာ သန်း (၁၀၀၀) နီးပါးကို ထုတ်ယူရန် ကြိုးပမ်းနေကြောင်း တွေ့ရှိခဲ့ရသည်။

ယခုကဲ့သို့ ပမာဏများပြားသည့် ငွေကြေးများ သီရိလင်္ကာသို့ စီးဝင်လာသည့်အတွက် အံ့အားသင့်နေမိကြောင်း၊ ဤလုပ်ငန်းမျိုးတွင် လည်ပတ်လေ့ရှိသည့် ငွေကြေးပမာဏမဟုတ်ကြောင်း သီရိလင်္ကာအခြေစိုက် ဘက်စုံလုပ်ငန်းကြီးတစ်ခုဖြစ်သော Pan Asia Banking Corporation မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသွားသည်။

ဘင်္ဂလားဒေ့ဘဏ်နှင့် နယူးယောက်ရှိ အရန်ငွေထိန်းသိမ်းသည့်ဘဏ်တို့က လွဲပြောင်းပြီးသော ငွေကြေးများကို ပြန်လည်ရယူရန် ကြိုးပမ်းနေကြသည်။ အချို့အဝက်ကိုလည်း ပြန်လည်ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ ဖိလစ်ပိုင်ရှိ လွဲပြောင်းပြီးသော ငွေကြေးများကိုလည်း ငွေဖြူဖြစ်မသွားစေရန် ဆောင်ရွက်လျက်ရှိသည်။ ဘယ်လဂျီယံနိုင်ငံမှ SWIFT အဖွဲ့ဝင်ဘဏ်များကလည်း ဤပြဿနာကို ကုစားနိုင်ရန် ကူညီမည်ဟု ပြောကြားထားသည်။

"SWIFT နဲ့ ဘင်္ဂလားဒေ့ဗဟိုဘဏ်တို့က ဒီပြဿနာကိုဖြေရှင်းဖို့ အတူတူ လုပ်နေကြပါပြီ။ ဒီကိစ္စကြောင့် SWIFT ရဲ့ ဝန်ဆောင်မှုကို ထိခိုက်စရာ မရှိပါဘူး။ အားလုံး ပုံမှန်အတိုင်း လည်ပတ်နေပါတယ်" ဟူ၍ SWIFT မှ ဖြေကြားထားသည်။ ဟက်ကာများသည် ဘင်္ဂလားဒေ့ဘဏ်စနစ်၏ လုံခြုံရေးအားနည်းချက်ကို တွေ့ရှိခဲ့ပြီးနောက် စနစ်တကျ အချိန်ယူ၍ အကွက်ချလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။


23-3-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
စာလုံးပေါင်းမှား၍ အမေရိကန် ဒေါ်လာ သန်း ၈၀ အား လက်လွှတ်လိုက်ရခြင်း စာလုံးပေါင်းမှား၍ အမေရိကန် ဒေါ်လာ သန်း ၈၀ အား လက်လွှတ်လိုက်ရခြင်း Reviewed by Myanmar Ethical Hacking News on 7:33 PM Rating: 5

No comments:

MEHN Team. Powered by Blogger.