ပြတ်သွားသော ရည်းစားဟောင်းကို Emoji ပုံ ပို့မိရာမှ ထောင်ကျ



အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ်ဆိုသလိုပဲ အပို့မတော်လို့ စတစ်ကာတစ်ခုပို့ရုံနဲ့ ထောင်ကျသွားတဲ့ ဖြစ်စဉ်တစ်ခု ပြင်သစ်နိုင်ငံမှာ ဖြစ်သွားပါပြီ။ ဇာတ်လမ်းအစက ရည်းစားက အဆက်ဖြတ်လိုက်တဲ့ အသက် (၂၂) နှစ်အရွယ် ကောင်လေးက သူ့ရည်းစားဟောင်းကို ခြိမ်းခြောက်သည့် မက်ဆေ့ (Message) ပို့တာက စတာပါ။ ဒါက သိပ်ပြီးထူးဆန်းလှတယ်ရယ် မဟုတ်ပါဘူး။ အဆက်ဖြတ်ခံရလို့ မခံချိမခံသာခံစားရသူတိုင်း ဒီလိုလုပ်လေ့ရှိကြတာပါပဲ။

ဒါပေမဲ့ ဆန်းတာက ပို့တဲ့မက်ဆေ့ထဲမှာ သေနတ်ပုံ အီမိုဂျီ (Emoji) ပါနေတာပါ။ ဒါကြောင့်ပဲ ထောင်ကျသွားတာပါ။ သူ့ရှေ့နေကတော့ ဒီအီမိုဂျီမှာ ဘာရည်ရွယ်ချက်မှ သီးခြားမရှိဘူးလို့ လျှောက်လဲပါတယ်။ ပြောချင်တာကတော့ သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်တဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ ဒါပေမဲ့ တရားရုံးကတော့ လက်မခံဘူးဗျ။

အရင်အပတ်တုန်းကပဲ တရားခံ Azougagh Bilal ကို အပြစ်ရှိကြောင်း ထင်ရှားတယ်ဆိုပြီး ဆိုင်းငံ့ (၃) လနဲ့ ထောင် (၆) လ ချထားလိုက်တယ်လို့ ပြင်သစ်က နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ Le Dauphine Libere မှာ ရေးထားပါတယ်။ ပြီးတော့ အဲဒီ့ ရည်းစားဟောင်းကောင်မလေးကို ယူရို (၁၀၀၀) လျော်ပေးရမယ်လို့ အမိန့်ထဲမှာ ပါပါသေးတယ်။ ကောင်မလေးရဲ့ ရှေ့နေကတော့ သူ့အမှုသည်ဟာ တရားခံရဲ့ အခြိမ်းအခြောက်ကို ခံရအပြီးမှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေတယ်၊ မြို့ထဲကို တစ်ယောက်တည်းသွားရမှာ ကြောက်သွားတယ်လို့ ပြောသွားသဗျ။

နောက်ထပ်သတင်းစာတစ်ခုဖြစ်တဲ့ Local Europe AB ထဲမှာတော့ ဒီပြစ်ဒဏ်ဟာ အရမ်းနည်းကြောင်း ပြောထားတယ်။ ဘာလို့လဲဆိုတော့ ဒီလို အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးက အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင် (၃) နှစ်၊ ထိခိုက်နစ်နာစေရင် ယူရို (၄၅၀၀၀) အထိ ချလို့ရတာကိုး။

တရားရုံးက သဘောထားကတော့ ရှင်းပါတယ်။ ကြိမ်လုံးကလည်း ကြောက်စရာ မကောင်းပါဘူး။ ဆရာမကလည်း ကြောက်စရာ မကောင်းပါဘူး။ ဒါပေမဲ့ ကြိမ်လုံးကိုင်ထားတဲ့ ဆရာမက ကြောက်စရာကောင်းတယ်လေ။ ဒီလိုပါပဲ သေနတ်ပုံကလည်း ခြိမ်းခြောက်ရာ မရောက်ပါဘူး။ ဘာလုပ်မယ်၊ ညာလုပ်မယ်ပြောတဲ့မက်ဆေ့ကလည်း ခြိမ်းခြောက်ရာ မရောက်သေးပါဘူး။ ဒီနှစ်ခု တွဲသုံးမိရင်တော့ …

4-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ပြတ်သွားသော ရည်းစားဟောင်းကို Emoji ပုံ ပို့မိရာမှ ထောင်ကျ ပြတ်သွားသော ရည်းစားဟောင်းကို Emoji ပုံ ပို့မိရာမှ ထောင်ကျ Reviewed by Myanmar Ethical Hacking News on 9:20 PM Rating: 5

No comments:

MEHN Team. Powered by Blogger.