Facebook မှပေးသော လက်ဆောင်တစ်ခု (သို့မဟုတ်) Open-Source CTF



တခြားသူတွေများ၏ ဝက်ဆိုက်များ ၊ ကွန်ယက်များကို ထိုးဖောက်ဝင်ရောက်ခြင်းသည် တရားမဝင်သော လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ၀ဘ်ဆိုက်များ ၊ ကွန်ယက်များကို ခွင့်ပြုချက်မရှိဘဲ ထိုးဖောက် ၀င်ရောက်ခဲ့မယ်ဆိုရင် ထောင်တန်း ကျနိုင်တယ်ပေါ့။ ဖန်တီးပြုလုပ်ထားသော လက်တွေ့လေ့ကျင့်စရာတွေ ကျတော့လည်း အကြောင်းသိဆိုတော့ ပျင်းစရာကောင်းနေပြန်ရော။ ဒီတော့ တရားဝင်လည်း ဟုတ်တယ်၊ ပျော်စရာ စိတ်လှုပ်ရှားစရာလည်း ကောင်းမယ်ဆိုတာ မရှိနိုင်ဘူးလား။ နှစ်ခုလုံး အဆင်ပြေတာ ရှိတယ်ပေါ့ဗျာ။ Gold Roast တော့ မဟုတ်ဘူး။ အဲဒါက CTF (Capture the Flag) တဲ့ဗျ။ အလံလုပွဲလို့ပဲ ခေါ်ရမှာပေါ့ဗျာ။

ဒီတော့ ကျောင်းသားများ နှင့် လုပ်ငန်းခွင်ထဲမှ ဆိုင်ဘာလုံခြုံရေးသမားတွေ၊ ကွန်ယက်လုံခြုံရေးသမားတွေအတွက် လက်ရည်သွေးစရာနေရာ ပေါ်ပြီပေါ့။ ဒီလို CTF Challenge တွေကို ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက ကမကထလုပ်ပြီး ဝါရင့်ဆိုင်ဘာလုံခြုံရေးသမားတွေက ဖန်တီးပေးလေ့ရှိပါတယ်။ ဆိုတော့ကာ ငွေကုန်မခံနိုင်တဲ့ ကျောင်းသားလိုမျိုး၊ ပညာဒါန အဖွဲ့တွေလိုမျိုး၊ ဘက်ဂျက်နည်းတဲ့ ကျောင်းတွေလိုမျိုးမှာ CTF ဆိုတာနဲ့ မကျင့်ပေးနိုင်ဘူးပေါ့ဗျာ။ ဒီအတွက် လမ်းသစ်ဖောက်ပေးတာကတော့ Facebook ဘဲ ဖြစ်ပါတယ်။

ဖေ့ဘုတ်မှ CTF ပြိုင်ပွဲတွေလုပ်ပေးနေတာ ၂၀၁၃ ခုနှစ်ကတည်းကပါ။ ပြိုင်ပွဲဆိုတဲ့နေရာမှာ သူတို့နေရာချည်း လာပြိုင်ခိုင်းတာ မဟုတ်ပါဘူး။ တခြားလူမှုရေးအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ကမ္ဘာ့အနှံ့မှာ ပြိုင်ပွဲလိုက်လုပ်ပေးတာပါ။ အမေရိကန်က အမေရိကအမျိုးသမီးကင်းထောက်အဖွဲ့လို နေရာမျိုးကအစ၊ ကိန်းဘရစ်တက္ကသိုလ်အလယ်၊ စပိန်မှာရှိတဲ့ အထက်တန်းကျောင်းတွေအဆုံး ပြိုင်ပွဲကျင်းပတဲ့အထဲမှာ ပါဝင်ပါတယ်။ အခုတော့ သူတို့ရဲ့ CTF ကို Open-Source အဖြစ် Github (https://github.com/facebook/fbctf ) မှာ တင်ပေးလိုက်ပါပြီ။ အရင်က Open-Source ခြေလှမ်းတွေဖြစ်တဲ့ HHVM (https://github.com/facebook/hhvm ) Virtual Machine နဲ့ Flow (https://github.com/facebook/flow ) JavaScript Static Typechecker တွေရဲ့ တိုးတက်မှုကို နမူနာယူပြီး ဒီလို ခြေလှမ်းသစ် စလိုက်တာပါ။

"ဒီပလက်ဖောင်း (Platform) မှာ CTF တစ်ခု အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ နောက်ပိုင်းကိစ္စအားလုံးကို သေသေချာချာ ဖန်တီး တည်ဆောက်ပေးထားပါတယ်။ ဒီနေရာမှာ ဘယ်ကနေ ဘယ်ကိုသွားရမယ်ဆိုတာတွေ၊ အဖွဲ့တွေ ဘယ်လိုစာရင်းသွင်းရမယ် ဆိုတာတွေ၊ ဘယ်ရည်မှန်းချက်အောင်မြင်ရင် အမှတ်ဘယ်လောက်ပေးရမည်ဆိုသော သတ်မှတ်ချက်တွေကိုပါ အသေးစိတ် ထည့်ပေးထားပါတယ်" လို့ ဒီပရောဂျက်ကို Javier Marcos နဲ့အတူ ဖန်တီးခဲ့တဲ့ ဆော့ဝဲလ်အင်ဂျင်နီယာ Gulshan Singh က ပြောကြားသွားပါတယ်။ Singh ဟာ မီချီဂန်တက္ကသိုလ်မှာ CTF သင်ခန်းစာအတွက် ကူပေးနေသလို DefCon မှာ နှစ်တိုင်းပြိုင်နေတဲ့ Samurai အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

လောလောဆယ် Challenge တွေမှာတော့ Reverse Engineering ၊ Forensics ၊ Web Application Security ၊ Cryptography နှင့် Binary Exploitation တွေ ပါဝင်ပါတယ်။ တကယ်လို့ ကိုယ်ပိုင်ဖန်တီးချင်တယ်ဆိုရင်လည်း ဖေ့ဘုတ်ပလက်ဖောင်း (Facebook Platform) ကိုသုံးပြီး ရေးလို့ရပါသေးတယ်။

ဆိုင်ဘာလုံခြုံရေးအတွက် သမားရိုးကျ စာသင်ခြင်း၊ လိုက်ပါလုပ်ဆောင်စေခြင်း စတာမျိုးနဲ့ မလုံလောက်တော့ဘဲ အခုလိုမျိုး စိန်ခေါ်ပွဲလေးတွေနဲ့ လေ့ကျင့်တာက ပိုပြီးအကျိုးရှိတယ်၊ လက်တွေ့နဲ့ နီးစပ်တယ်ဆိုတာ အဖွဲ့အစည်းတွေရော သင်ကြားရေးဌာနတွေကပါ သိလာကြပါပြီ။ Singh ဆိုရင်လည်း အရင်နှစ်ကမှ ဖေ့ဘုတ်မှာ အလုပ်ရတာပါ။ ဒီလိုအလုပ်ရဖို့လည်း သူ့ရဲ့ CTF Challenge အတွေ့အကြုံတွေကပဲ ဆုံးဖြတ်ပေးသွားတာပါ။ ဒီတော့ လုံခြုံရေးအသိဉာဏ်တိုးပွားစေမည့် CTF Challenge တစ်ခု ၊ ဉာဏ်ရှိသလို ကွန့်နိုင်မဲ့ CTF ကိုယ်ထည်တစ်ခု တိုးလာပြီလို့ မြန်မာပြည်သား Web Developer တွေ၊ ဆိုင်ဘာလုံခြုံရေးသမားတွေကို သတင်းကောင်းပါးချင်ပါတယ်။

17-5-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d
Facebook မှပေးသော လက်ဆောင်တစ်ခု (သို့မဟုတ်) Open-Source CTF Facebook မှပေးသော လက်ဆောင်တစ်ခု (သို့မဟုတ်) Open-Source CTF Reviewed by Myanmar Ethical Hacking News on 7:12 PM Rating: 5

No comments:

MEHN Team. Powered by Blogger.