ပေါ့ပါးသွက်လက်ပြီး နည်းပညာအသစ်များ ထပ်မံပေါင်းစပ်ထားသော Chromebook



Chromebook ဆိုတာ Open-Source ဖြစ်တဲ့ Chromium OS ကို အခြေခံထားတဲ့ လင်းနစ် OS (Linux OS) တစ်မျိုးပါပဲ။ Web App တွေနဲ့ အလုပ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ ဒီ OS ဟာ Google ရဲ့ Web App တွေဖြစ်တဲ့ Docs, Calc, Slide တွေနဲ့ တွဲပြီး Google Drive ပေါ်က Cloud သိမ်းဆည်းမှု အကူအညီနဲ့ ရုံးလုပ်ငန်းတွေကို အဆင်ပြေပြေလုပ်နိုင်လို့ နာမည်ကြီးခဲ့ပါတယ်။ GUI ကတော့ Google Chrome ဘရောက်ဆာ (Browser) နဲ့ ဆင်တူပါတယ်။ ကွန်ပျူတာကို ရုံးလုပ်ငန်းသုံးရုံ၊ သီချင်းဖွင့်ရုံ၊ ဒေတာသိမ်းရုံလောက်ပဲ သုံးတဲ့သူတွေအတွက် ဝက်ဘ်ကနေ အဆင်ပြေပြေလုပ်နိုင်အောင် Google က ကြားဝင်ကူညီတဲ့ သဘောပါပဲ။

တန်ဖိုးနည်းကွန်ပျူတာတွေ ခေတ်စားခဲ့တဲ့ ၂၀၁၀ ဝန်းကျင်တုန်းက Samsung နဲ့ လက်တွဲပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေက အခြေခံကျောင်းတွေမှာ ခြေဆန့်ခဲ့တဲ့ Chromebook တွေဟာ အဖိုးနည်းဝန်ပါ အဆင်ပြေတဲ့ လက်တော့တစ်မျိုးအဖြစ် လူသိများနေပါပြီ။

ဘရောက်ဆာ (Browser) အခြေပြုထားတဲ့ OS စနစ်ကြောင့် Auto-Update လုပ်ပေးနိုင်သလို ဘရောက်ဆာ ရဲ့ Sandbox စနစ်ကြောင့် ဗိုင်းရပ်လည်း ကာကွယ်နိုင်တဲ့ အခြေအနေရှိပါတယ်။ သူ့ရဲ့ Boot Code တွေကို ROM ထဲမှာသိမ်းထားလို့ Bootkit ၊ Rootkit ရန်တွေကလည်း ကာကွယ်ရာ ရောက်ပါတယ်။

ပုံမှန်အားဖြင့် လုပ်ဆောင်ချက်အကန့်အသတ်ရှိတဲ့ Chrome Shell (Crosh) ကို သုံးနိုင်သလို Developer Mode မှာလည်း VT - 2 နဲ့ လုပ်ဆောင်ချက်စုံတဲ့ Bash Shell ကို ဖွင့်လို့ရပါတယ်။

၂၀၁၆ ရဲ့ ပထမလေးလပတ်အကုန်မှာ IDC (International Data Corporation) ရဲ့ ဈေးကွက်လေ့လာချက်အရတော့ ChromeBook တွေက Mac တွေထက် အရောင်းသွက်နေတာ သိရပါပြီ။

ဒီကွန်ပျူတာတွေဟာ Mac လိုမျိုး ဓာတ်ပုံပြင်တာတွေ ဗွီဒီယိုပြင်တာတွေ လုပ်နိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိဘူးဆိုပေမမယ့် သုံးတဲ့သူအများစုကလည်း ဒီကိစ္စအတွက် ဝယ်ကြတာမဟုတ်ဘူးလေ။ ဒီတော့ အသုံးမလိုတဲ့ လုပ်ဆောင်ချက်ပါတဲ့ ဒေါ်လာ (၉၀၀) တန် ကွန်ပျူတာအစား ခြေနိုင်လက်နိုင် ChromeBook တွေဘက် ခေါင်းလှည့်လာကြတာ မဆန်းပါဘူး။

လပ်တော့ (Laptop) အသုံးပြုသူ အများစုက ဂရပ်ဖစ်ဒီဇိုင်နာ (Graphic Designer) တွေ မဟုတ်ကြပါဘူး။ ဒီလိုပဲ အသံပြင်တဲ့သူ၊ ဗွီဒီယိုပြင်တဲ့သူတွေလည်း မဟုတ်ကြပေဘူး။ အများစုသုံးတာက အင်တာနက်အတွက်နဲ့ ရုံးသုံးကျောင်းသုံးအတွက် လောက်ပါပဲ။

Mac တွေကလည်း ဒါတွေလုပ်နိုင်တာ အသေအချာပါပဲ။ ဒါပေမဲ့ အပေါဆုံးဆိုတဲ့ MacBook Air အမေရိကန်ဒေါ်လာ (၉၀၀) တန်ထက်စာရင် ဈေးသင့်တဲ့ ဒေါ်လာ (၃၀၀) တန် ChromeBook က မျက်စိကျစရာ ဖြစ်လာတာပါ။ ထည့်သွင်းစဉ်းစားစရာအနေနဲ့ Cloud သိမ်းဆည်းနိုင်မှုနဲ့ အိုင်ဖုန်းသမားတွေ မနာလိုစရာ Web App တွေ အစုံအလင်ရှိနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အခုနှစ် ပထမလေးလပတ်မှာ HP, Dell, Lenovo နဲ့ Acer တို့ကနေ Chrome OS ပါတဲ့ ကွန်ပျူတာ (၁.၆) သန်း တင်ပို့ထားပြီးတော့ Apple ကနေ Mac OS ကွန်ပျူတာ (၁.၅) သန်း တင်ပို့ထားပါတယ်။ အခုဆိုရင် Chrome OS ဟာ Google Play Store ကို သုံးနိုင်သွားပြီဖြစ်လို့ ပိုပြီး အဝယ်လိုက်ဦးမှာပါ။
ChromeBook တွေဟာ စာသင်ကျောင်းတွေမှာ အောင်မြင်နေတာ အတော်ကြာခဲ့ပါပြီ။ စွမ်းရည်မြင့်ကွန်ပျူတာ သုံးစရာမလိုဘဲ ကွန်ပျူတာရှိရုံနဲ့ လုံလောက်သည့် ဘာသာရပ်တွေ အများကြီးရှိတာမို့ ဝိုင်ဖိုင်မပြတ်ရတဲ့ ကျောင်းပရဝုဏ်တွေမှာ ChromeBook တွေက မျက်နှာပွင့်နေတာပါ။

ChromeBook တွေက MacBook တွေကို အလဲထိုးနေတာတော့ သေချာသွားပါပြီ။ ဒါပေမဲ့ ထုတ်လုပ်သူတွေ များတာမို့ ဒီဇိုင်းပိုင်းအရရော စွမ်းဆောင်ရည်အရရော ဈေးနှုန်းအရရော အမျိုးမျိုးကွဲပြားနေတဲ့ ဒီလပ်တော့တွေကို ဘယ်လိုရွေးရမလဲဆိုတာ အခက်တွေ့နိုင်ပါတယ်။ ဒီတော့ ဈေးနှုန်းအနည်းအများအလိုက် စီထားတဲ့ ChromeBook တွေကို တင်ဆက်လိုက်ပါတယ်။ စဉ်းစား ချိန်ကိုက်ကြည့်နိုင်ပါတယ်။

Asus Chromebook Flip ($270)

ပုံ - ၁



ငွေကြေးပိုင်း အဓိကစဉ်းစားရမဲ့သူအတွက်တော့ Asus Chromebook Flip က အတော်ဆွဲဆောင်မှု ရှိပါတယ်။ ၁၀−လက်မကျယ်တဲ့ မျက်နှာပြင်နဲ့ ကီးဘုတ်က နည်းနည်းသေးတယ်လို့ ပြောလို့ရပေမဲ့ ခေါက်ပြီးတော့ တက်ဘလက်လို သုံးလို့ရတာကြောင့် အရသာတစ်မျိုးတော့ ပေးမှာပါ။

RAM 4GB နဲ့ SSD 16GB ပါပြီး Quad-core Rockship ပရိုဆက်ဆာ (Processor) ကို သုံးထားလို့ စွမ်းဆောင်ရည် မြင့်တယ်လို့ ပြောလို့ရပါတယ်။ ဒါအပြင် Google Play Store က App တွေကို ခေါ်သုံးနိုင်လို့ Android ဂိမ်းတွေကိုလည်း မျက်နှာပြင်ကြီးကြီးနဲ့ မြည်းစမ်းနိုင်ဦးမှာပါ။ ဘတ္ထရီကလည်း (၉) နာရီ ခံပါတယ်။


Acer Chromebook 14 ($300)

ပုံ - ၂




Asus Chromebook Flip ထက် ($30) ပိုများပေမဲ့ အဲဒီ့ထက်မကတဲ့ စွမ်းဆောင်ရည်တွေ ပါပါတယ်။ မျက်နှာပြင်အကျယ်က ၁၄ လက်မ ရှိလို့ အဆင့်အတန်းမှီ လက်တော့အရွယ်လို့ ပြောလို့ရပါတယ်။ Port အပိုတွေ ပါသလို ဝက်ဘ်ကန် (Webcam) နဲ့ ၁၂-နာရီခံ ဘတ္ထရီကလည်း Acer ဘက်ကို စိတ်လည်စေနိုင်တဲ့ အချက်တွေပါပဲ။

RAM 4GB, SSD 32GB တို့အပြင် Quad-core 1.7 GHz Intel ပရိုဆက်ဆာ (Processor) (2.2 GHz အထိ Overclock လုပ်နိုင်) ကလည်း $30 ကို ထည့်မစဉ်းစားနိုင်စေတဲ့ အကြောင်းရင်းတွေပါ။ အနားသတ်လုံးထားတဲ့ သတ္တုပုံစံဒီဇိုင်းကလည်း ကြွရွလှပနေတာ မြင်တဲ့အတိုင်းပါပဲ။


HP ChromeBook 13 ($599)

ပုံ - ၃



သာမန်လက်တော့ တစ်လုံးနဲ့အတူတူ အလုပ်လုပ်နိုင်တဲ့ HP Chromebook 13 ဟာ ပေးလိုက်ရတဲ့ ငွေပမာဏနဲ့ညီအောင် အပိုဆောင်း လုပ်ဆောင်ချက်တွေပါနေတာ အသေအချာပါပဲ။ USB-C port (၂) ခုပါတယ်။ Card Reader ပါတယ်။ အောက်ခံမီးပါတဲ့ ကီးဘုတ် (Keyboard) ၊ ဝက်ဘ်ကန် (Webcam) နဲ့ ၁၁ နာရီခွဲခံတဲ့ ဘတ္တရီပါ ပါတယ်။

သဘောကျစရာ စွမ်းဆောင်ချက်တွေကတော့ 4GB RAM ကို 32GB SSD နဲ့ Duo-core 2.2 GHz Intel Core m3 ပရိုဆက်ဆာ (Processor) အပြင် Intel HD Graphics 51.5 ပါတာပါ။ ဒီဂရပ်ဖစ်ကြောင့် မူလ ၁၃.၃-လက်မ မျက်နှာပြင်အပြင် လိုရင်ထပ်ချိတ်မဲ့ 4K ဖန်သားပြင်တွေကိုသာ ပြတ်သားတဲ့ ရုပ်ထွက်အမြင်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။


Chromebook Pixel 2 ($1,300)

ပုံ - ၎




စွမ်းဆောင်ရည်မြင့် Chromebook တွေကို စီကြည့်မယ်ဆိုရင် Google ရဲ့ Chromebook Pixel 2 ကလည်း တစ်နေရာယူပါတယ်။ ၁၂.၈၅-လက်မ မျက်နှာပြင်မှာ Touchscreen ထည့်ထားတာက လိုချင်စဖွယ် ဖြစ်နေသလို သတ္တုတုံးပုံစံ လေးထောင့်စပ်စပ်ဒီဇိုင်းက အမြင်ဆန်းနေပါတယ်။ ဘတ္တရီကလည်း ၁၂ နာရီ ခံမှာပါ။

HP ရဲ့ Chromebook လိုပဲ USB-C port တွေ၊ ဝက်ဘ်ကန် (Webcam) တွေနဲ့ Card Reader ထပ်ချိတ်မဲ့ ဖန်သားပြင်အတွက် 4K ထောက်ပံ့တာတွေ ရပါဦးမယ်။

Google ဆိုတာ "Cromebook အားလုံးရဲ့ အဖေ" ဖြစ်လို့ Chromebook Pixel 2 မှာ 16GB RAM, 64GB SSD နဲ့ Quad-core 2.4GHz Intel Core i7 ပရိုဆက်ဆာတွေ ထည့်ထားပါတယ်။ ဒီစွမ်းဆောင်ရည်တွေဟာ တန်းမြင့်လက်တော့တစ်လုံးနဲ့ HDD ကလွဲရင် အတူတူပါပဲ။

8-7-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ပေါ့ပါးသွက်လက်ပြီး နည်းပညာအသစ်များ ထပ်မံပေါင်းစပ်ထားသော Chromebook ပေါ့ပါးသွက်လက်ပြီး နည်းပညာအသစ်များ ထပ်မံပေါင်းစပ်ထားသော Chromebook Reviewed by Myanmar Ethical Hacking News on 3:02 PM Rating: 5

No comments:

MEHN Team. Powered by Blogger.