ဒေါ်လာ ၁၈၀၀၀ ကျော်တန် Drone တစ်ခုအား ဒေါ်လာ ၄၀ တန်ပစ္စည်းတစ်ခုဖြင့် ဟက်နိုင်ခြင်း



            Drone များ၏ စွမ်းဆောင်နိုင်မှုများသည် ယနေ့ခေတ်တွင် တဟုန်ထိုး တိုးမြင့်တက်လာပြီဖြစ်သည်။ မီးလောင်မှုများကို ငြှိမ်းသတ်ပေးခြင်း သို့မဟုတ် ထောင်များသို့ မှောင်ခိုပစ္စည်းများ တင်ပို့ခြင်းစသော ကောင်းဆိုးရည်ရွယ်ချက်များစွာဖြင့် တွင်ကျယ်စွာ အသုံးပြုနေကြသည်။ ထို့ကြောင့် အချို့နိုင်ငံများတွင် Drone များကို လူလိုင်စင် ယာဉ်လိုင်စင်ဖြင့် မှတ်ပုံတင်ထားပြီး အသုံးပြုရသည်အထိ ကန့်သတ်ထားရှိလာသည်။ ထိုသို့ သုံးစွဲမှု ကျယ်ပြန့်လာသည့်နည်းတူ  Drone များသည် ဟက်ကာများ၏ မျက်စိကျစရာ ပစ္စည်းများ ဖြစ်လာပါသည်။

            မကြာသေးမီက ထွက်ပေါ်ခဲ့သော သတင်းတစ်ခုအရ အမေရိကန်ဒေါ်လာ ၁၈၀၀၀ ကျော်တန် Drone တစ်ခုကို ဒေါ်လာ ၄၀ တန်ပစ္စည်းတစ်ခုဖြင့် 2km ခန့်အကွာအဝေးမှပင် အလွယ်တကူ ထိုးဖောက်တိုက်ခိုက်နိုင်ကြောင်း (Hack) သိရှိရပါသည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သော Black Hat Asia ကွန်ပြူတာရေးရာလုံခြုံမှု ညီလာခံတစ်ခုတွင် IBM မှ Security သုတေသန ပညာရှင်တစ်ဉီးဖြစ်သူ Nils Roddy မှ Drone အား ဟက်ကင်း (Hacking) ပြုလုပ်ပုံကို လက်တွေ့ ထုတ်ဖော်ပြသခဲ့သည်။

            မစ္စတာ ရိုဒီ၏ သုတေသန စာတမ်းအရ အောင်မြင်စွာ ထိုးဖောက်နိုင်ရန်အတွက် Drone နှင့် Remote Control ကြားတွင် ဆက်သွယ်ပေးသော Radio Communication များ၏ ဆက်နွယ်ချက် သဘောတရားများကို သိရှိနားလည်အောင် ပထမဉီးစွာ ကြိုးစားခဲ့ရသည်။ ထို့နောက် မစ္စတာရိုဒီသည်  Xbee Radio Chip နှစ်ခုကိုအသုံးပြု၍ Hacking Device တစ်ခုကို တီထွင်လိုက်သည်။ မစ္စတာ ရိုဒီ တီထွင်ထားသော Device သည် Computer Application တစ်ခုဖြင့် ပို့လွှတ်လိုက်သော Wifi Command များကို Low Frequency Radio Wave အဖြစ်သို့ အပြန်အလှန်အားဖြင့် ပြောင်းလဲပေးပို့ လက်ခံနိုင်သော Converter တစ်ခုဖြစ်သည်။ ထို့ကြောင့် Drone အား ဟက်ကင်းပြုလုပ်ရာတွင် Computer တစ်လုံးနှင့် မစ္စတာရိုဒီ၏ Device နှစ်ခုကို ချိတ်ဆက်အသုံးပြုရမည်ဖြစ်သည်။

            တိုက်ခိုက်မှုပုံစံကို Man In Middle Attack (MIMA) အမျိုးအစားဟု ခေါ်ဆိုနိုင်သည်။ ပထမအဆင့်တွင် Drone နှင့် Remote Control ကြားတွင် ဆက်သွယ်ပေးသော Radio Wave များကို ကြားဖြတ်ဖမ်းယူပြီးနောက် Encryption Packet များကို သိမ်းဆည်းထားလိုက်သည်။ ထို့နောက် ဒုတိယအဆင့်အနေဖြင့် Encryption Key ကိုဖော်ထုတ်ပြီး Computer ဖြင့် Drone ထံသို့လိုအပ်သော Command Code ကိုပေးပို့၍ ထိန်းချုပ်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ Encryption Key ဖော်ထုတ်ရန်အတွက် အချိန်ပေးရကြောင်း ဖော်ပြထားသည်။ ဝင်ရောက်ထိုးဖောက်ပြီးနောက် Drone အင်ဂျင်အား ထိန်းချုပ်ပြီးပျံသန်းနိုင်ခြင်း Camera အား ထိန်းချုပ်နိုင်ခြင်းနှင့် အတွင်းပိုင်း အင်ဂျင်အား ပျက်စီးအောင်ပင် ပြုလုပ်နိုင်ကြောင်း သိရှိရသည်။ တိုက်ခိုက်မှုကိုလည်း 2km အကွာအဝေးမှပင် ပြုလုပ်နိုင်သည်။

            အနာဂတ်တွင်လည်း Drone အား ဟက်ကင်းပြုလုပ်မှု ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လာနိုင်ကြောင်း Security သုတေသနပညာရှင်များက ခန့်မှန်ထားကြသည်။ ရိုဒီ၏ သုတေသန ဖော်ထုတ်တင်ပြချက်အရ အနာဂတ်တွင် ကျယ်ပြန့်စွာ သုံးစွဲမှု များပြားလာနိုင်မည်ဖြစ်သော Drone များသည် မည်မျှပင် တန်ဖိုးကြီးမားပြီး စွမ်းဆောင်နိုင်စွမ်းမြင့်မားနေစေကာမူ လုံခြုံမှုပိုင်းဆိုင်ရာများကိုလည်း မြင့်မားနေစေရန် အစဉ်အမြဲ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။

1-7-2016
သတင်းစီစဉ် တင်ဆက်သူ - Fr!d@y (MEHN Team)
ဒေါ်လာ ၁၈၀၀၀ ကျော်တန် Drone တစ်ခုအား ဒေါ်လာ ၄၀ တန်ပစ္စည်းတစ်ခုဖြင့် ဟက်နိုင်ခြင်း ဒေါ်လာ ၁၈၀၀၀ ကျော်တန် Drone တစ်ခုအား ဒေါ်လာ ၄၀ တန်ပစ္စည်းတစ်ခုဖြင့် ဟက်နိုင်ခြင်း Reviewed by Myanmar Ethical Hacking News on 7:31 PM Rating: 5

No comments:

MEHN Team. Powered by Blogger.