မြေအောက်လောကရဲ့ ပွဲစားကြီး Ran$umBin



အများအသိ မခံချင်သော လျို့ဝှက် ကိစ္စတွေကို အများသိသွားရင်ပြဿနာပါ။ လူသိများတဲ့ အနုပညာရှင်လို ၊ နိုင်ငံရေးသမားလိုလူတွေအတွက် ဒီကိစ္စတွေက ပိုအရေးကြီးပါတယ်။ ဒီတော့ အဲသလိုအချက်အလက်တွေ ရလာရင် မကောင်းကြံတတ်သူအတွက် ငွေရလမ်းပါပဲ။ ဒါပေမဲ့ တိုက်ရိုက်ကြီး ငွေညှစ်တာမျိုးက ကလေးဆန်ပါတယ်။ ဒါအပြင့် အဖမ်းခံဖို့လည်း ပိုများတယ်။

ငွေညှစ်ပြီးရလာသောငွေများကို လက်ခံယူတာက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ  ပြေးမကြည့်ဘဲ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ်။ ပြန်ပေးဆွဲသမားတွေ အဖမ်းအခံရဆုံး အချိန်ကလည်း ငွေကို လက်ခံချိန်မှာပါပဲ။ နောက်ပြဿနာတစ်ခုက နည်းပညာအသိ အားနည်းသော သားကောင်ကို အလွယ်တကူ ငွေပေးနိုင်အောင် ကူပေးဖို့ပါ။ သူက ငွေပေးချင်ရင်တောင် ဘယ်လိုပေးရမယ်ဆိုတာ မသိရင် ကိုယ့်အတွက် နစ်နာတာကိုး။ အဲဒီ့ပြဿနာတွေကို စေတနာကောင်းကောင်းနဲ့ ဖြေရှင်းပေးတဲ့ဝက်ဆိုက် ပေါ်လာပါပြီ။ အဲဒါကတော့ RansomBin (Ran$umBin လို့ လှအောင် ရေးထားတယ်) ပါပဲ။

Dark Web က ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ ဒီဝက်ဆိုက်ဟာ Ransomware နဲ့ ပတ်သက်တဲ့ သူတွေအတွက် တစ်နေရာတည်း အားလုံးအဆင်ပြေတဲ့ one-stop ဆားဗစ် (Service) ဖြစ်ပါ။ ဒါ့အပြင် ခိုးယူရတာတဲ့ လူသိမခံဝံ့တဲ့ အကြောင်းအရာတွေ၊ အကြွေးဝယ်ကတ် ဒေတာတွေ၊ ကိုယ်ရေးအချက်အလက်တွေကို ရာဇဝတ်သားတွေအနေနဲ့ တင်ခွင့်ပြုထားပါတယ်။ အချက်အလက်တွေ ထုတ်ဖော်ခံရတဲ့သူအနေနဲ့ ဒါတွေကို ဖယ်စေချင်ရင် ငွေပေးရမှာပါ။ အကယ်လို့ ကိုယ်က ဒီအချက်အလက်တွေရဲ့ ပိုင်ရှင်တော့မဟုတ်ဘူး၊ ဒါပေမဲ့ ဒီအချက်အလက်တွေ လိုချင်တယ်ဆိုရင်လည်း ရောင်းပေးပါတယ်။

ဒီဝက်ဆိုက်စလည်ပတ်တာ (၂) လခွဲလောက် ရှိပါပြီ။ သုံးရတာလွယ်သလို ငွေရှာနည်းကလည်း ရှင်းပါတယ်။ အရောင်းအဝယ်ဖြစ်ရင် ကော်မရှင်ယူတာပါ။ ဒေါ်လာ ၁၀၀ ဆိုရင် ၃၀% ယူပါတယ်။ အကယ်လို့ နာမည်ကြီးတစ်ယောက်ယောက်ရဲ့ အချက်အလက်တွေဆိုရင်၊ အစိုးရအဖွဲ့ဝင်၊ ဥပဒေဘက်တော်သားတွေဆိုရင်တော့ ဈေးကောင်းပါတယ်။ ကော်မရှင်ကို ၄၀% ယူပါတယ်။ တောင်းတဲ့ငွေကလည်း များတာကိုး။ အကယ်လို့ ကိုယ်လိုချင်တဲ့လူက ဒီဝက်ဆိုက်မှာ မရှိသေးရင် "ဒီလူကို လိုချင်ပါတယ်" ဆိုပြီး တောင်းထားလို့ ရပါသေးတယ်။ ဒီအတွက်တော့ ဝက်ဆိုက်မှာ မှတ်ပုံတင်ထားဖို့ လိုပါတယ်။

ဒီလိုမျိုး မြေအောက်လောကသားချင်း အချက်အလက်ဖလှယ်ကြတဲ့ Cyber-Ransom Uber တို့ AirBnB တို့လို ပွဲစားဝက်ဆိုက်တွေ အများကြီ:ရှိပါတယ်။ ဒီတစ်ခုကတော့ ထူးထူးခြားခြား သုံးရအဆင်ပြေနေတာပါ။ ဒီဝက်ဆိုက်ကို ထောင်တဲ့သူတွေကတော့ ပို့လာတဲ့ ဒေတာတွေကို ကြားဖြတ်မသုံးဘူး၊ ပို့လာတဲ့သူအကြောင်းလည်း မဖွဘူးလို့ ကြေညာထားပါတယ်။ ဒီဆိုက်ကို ဘယ်အဖွဲ့က ထောင်ထားတာလဲ မသိရသေးပါဘူး။ ဒါပေမဲ့ စကားအသုံးအနှုန်း၊ ဆိုက်ဖွဲ့စည်းပုံတွေအရတော့ အမေရိကန်ကလူတွေပဲလို့ ယူဆရပါတယ်။ ပရိုမိုးရှင်းတွေလည်း လုပ်ထားပြီး ဖိုရမ်တော်တော်များများမှာ ကြော်ငြာအဖြစ် တွေ့နိုင်ပါတယ်။

ကိုယ်ရေးအချက်အလက်ဆိုတာ လူတစ်ယောက်အတွက် အသက်ပါ။ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုခိုင်းတဲ့ အွန်လိုင်းကိစ္စတစ်ချို့မှာတောင် အချက်အလက်အပြည့်အစုံ မတောင်းပါဘူး။ (ဖေ့ဘုတ်မှာ အစစ်အမှန်သုံးတာပါလို့ အတည်ပြုခိုင်းရင်တောင် ဓာတ်ပုံ၊ နာမည်နဲ့ မွေးသက္ကရာဇ်ပဲ တောင်းပါတယ်။) ဘာကြောင့်လဲဆိုတော့ ဒီအချက်အလက်တွေကနေ အဲဒီ့လူအဖြစ် အသွင်ယူတာ၊ အဲဒီ့လူနဲ့ ပတ်သက်တဲ့သူတွေကို လိမ်တာ၊ ညာတာတွေ ဖြစ်လာနိုင်လို့ပါ။ ဒါအပြင် အတွင်းရေးကိစ္စတွေ၊ အများသိစရာမလိုတဲ့ ဓာတ်ပုံ၊ ဗွီဒီယိုတွေကိုလည်း ဝှက်စာသွင်းတာ၊ တခြားလူမှုရေးသုံးအကောင့်တွေ၊ အီးမေးတွေကနေ ခွဲထားတာမျိုး လုပ်သင့်ပါတယ်။ ကံအကြောင်းမလှဘဲ တစ်ပါးသူလက်ထဲ ရောက်သွားခဲ့ရင် အရှက်တကွဲနဲ့ အကျိုးနည်းနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း အွန်လိုင်းကတစ်ဆင့် အတွင်းရေးပေါက်ကြားတာတွေ၊ ငွေညှစ်ခြိမ်းခြောက်တာတွေ ဖြစ်နေပါပြီ။ ဒီတော့ သတင်းအချက်အလက်လုံခြုံရေးကို စာချစ်သူတွေအနေနဲ ဂရုတစိုက်ကာကွယ်သွားကြဖို့ MEHN အဖွဲ့သားတွေကိုယ်စား အကြံပြုချင်ပါတယ်။

28-7-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
မြေအောက်လောကရဲ့ ပွဲစားကြီး Ran$umBin မြေအောက်လောကရဲ့ ပွဲစားကြီး Ran$umBin Reviewed by Myanmar Ethical Hacking News on 7:17 PM Rating: 5

No comments:

MEHN Team. Powered by Blogger.