Website များကို ဒုက္ခကောင်းကောင်းပေးနိုင်မည့် တရုတ်နိုင်ငံလုပ် Webshell



၂၀၁၅ ဒီဇင်ဘာအစပိုင်းမှာ Java နဲ့ရေးထားတဲ့ Ckinfe ဆိုတဲ့ Webshell တစ်ခု စပြီး ပေါ်လာပါတယ်။ Java, PHP, ASP နဲ့ ASP.NET ဆာဗာ (Server) တွေမှာ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ဒီ Tool ကို ရေးသားသည့် အဖွဲ့အစည်းကတော့ MS509Team လို့ သိထားတဲ့ Chora နဲ့ MelodyZX  တရုတ်လူမျိုး လုံခြုံရေးနည်းပညာသုတေသီ နှစ်ယောက်ပါပဲ။ Recorded Future Investigation ဝက်ဆိုက်ဒ်မှာတော့ ဒီ webshell ကို China Chopper ကို တုပရေးထားတာလို့ ပြောထားပါတယ်။ ၂၀၁၃ မှာ ထွက်ခဲ့တဲ့ China Chopper ဟာ တရုတ်ဟက်ကာအဖွဲ့နဲ့  ဆိုင်ဘာရာဇဝတ်သားတွေ အသုံးများပါတယ်။ လုပ်ဆောင်ချက်စုံပြီး သုံးရတာလည်းအဆင်ပြေလို့ အလားတူ Webshell တစ်ခုကို တစ်ခေတ်ပြန်ဆန်းဖို့ ကြံစည်ခဲ့ကြတာပါ။

ဒီတော့ Cknife နဲ့ China Chopper မှာ သုံးတဲ့ Icon တွေ၊ HTTP Request တွေကို ကိုင်တွယ်ပုံတွေ တူတူဖြစ်နေတာ တွေ့ရမှာပါ။ ဒါပေမဲ့ အဓိကကွာတာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ China Chopper ကို C++ နဲ့ ရေးထားပြီးတော့ Cknife ကိုတော့ Java နဲ့ ရုပ်လုံးဖော်ထားတာပါ။

ဒါ့အပြင် China Chopper က HTTPS ကို သုံးပေမဲ့ Cknife ကတော့ HTTP နဲ့ပဲ အလုပ်လုပ်သွားပါတယ်။ MS509Team အနေနဲ့ HTTPS နဲ့ အလုပ်လုပ်ဖို့ ဆက်လုပ်ပေးမယ်လို့ သတင်းရထားပါသေးတယ်။ ဝက်ဘ်ဆာဗာ (Web Server) တွေအတွက် RAT (Remote Access Tool) တစ်ခုလို အလုပ်လုပ်နိုင်တဲ့ Cknife သည် ထိုးဖောက်တိုက်ခိုက်ပြီး ရလာသော ဆာဗာတွေကို တစ်ပြိုင်တည်း ချိတ်ဆက်တာမျိုး၊ ဒေတာဘေ့စ် (Database) တွေနဲ့ ချိတ်ဆက်တာမျိုးတွေအပြင် အဝေးမှလှမ်း၍ ထိန်းချူပ်နိုင်သော Remote Shell ကိုလည်း ပေးနိုင်ပါတယ်။

RAT တစ်ခုလို အလုပ်လုပ်တယ်လို့ ပြောလို့ရတဲ့ အဓိကအချက်ကတော့ RAT တွေလိုပဲ GUI (Graphical User Interface) ပါနေတာပါပဲ။ ဘယ်လို Skin နဲ့ သုံးမလဲဆိုတာကိုပါ ရွေးနိုင်ပါသေးတယ်။ Webshell တွေမှာ ပုံမှန်အားဖြင့်တော့ GUI ကို ဦးစားမပေးပါဘူး။ အလုပ်ဖြစ်ဖို့က အဓိကထားကြတာပါ။

ဘဝလမ်းကြောင်းကို လုံခြုံရေးသုတေသီတွေအဖြစ် ခံယူထားတဲ့ Cknife ဖန်တီးသူတွေအနေနဲ့ Blackhat ကနေ Whitehat အဖြစ်ကို အသာအယာကူးတဲ့အနေနဲ့ ဒီ webshell ကို Open-Source Tool အနေနဲ့ ထုတ်ပေးလိုက်ပါပြီ။ ဒါပေမဲ့ ဒီ Tool ဟာ ဘယ်သူတွေအတွက် ပိုအသုံးဝင်တယ်ဆိုတာ အလွန်ကိုဘဲ သိသာထင်ရှားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

"Cknife ကျေးဇူးနဲ့ တရုတ်ဟက်ကာအဖွဲ့တွေ အလုပ်ဖြစ်နေကြတာ နှစ်ဝက်လောက်ရှိပါပြီ။ သုံးတဲ့နေရာတွေကလည်း သာမန် ဝက်ဘ်ဆာဗာတွေကနေ Web Apps တွေ Framework တွေအထိ ကျယ်ပြန့်လာပါတယ်။ သမိုင်းဝင် ကျော်ကြားတဲ့ China Chopper မျိုးဆက်သစ် Cknife ဟာ မဝေးတော့တဲ့ အနာဂတ်မှာ မျက်ကွယ်ပြုထားလို့မရသော အန္တရာယ်တစ်ခု ဖြစ်လာနိုင်ပါတယ်" ဆိုပြီး Recorded Future အဖွဲ့ကတော့ သတိပေးသွားပါပြီ။

27-7-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
Website များကို ဒုက္ခကောင်းကောင်းပေးနိုင်မည့် တရုတ်နိုင်ငံလုပ် Webshell Website များကို ဒုက္ခကောင်းကောင်းပေးနိုင်မည့် တရုတ်နိုင်ငံလုပ် Webshell Reviewed by Myanmar Ethical Hacking News on 7:03 PM Rating: 5

No comments:

MEHN Team. Powered by Blogger.