USB ကြိုးကို သဘောရိုးမမှတ်ပါနဲ့



ဖုန်းတွေကို USB ကြိုးနဲ့တွဲပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ရင် အားသွင်းလို့ရတယ်ဆိုတာ လူတော်တော်များများ သိပါတယ်။ ဒါပေမဲ့ ကတ်စပါစကီး (Kaspersky) စမ်းသပ်ခန်းက ပညာရှင်တွေကတော့ ဖြစ်နိုင်တဲ့ နောက်ထပ်ကိစ္စတစ်ခုကိုလည်း ထပ်သိထားပါသေးတယ်။

စမ်းသပ်ချက်ရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ကျွမ်းကျင်သူတွေဟာ အသုံးများတဲ့ Android နဲ့ iOS ဗားရှင်းများပါဝင်သော စမတ်ဖုန်း အတော်များများအသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။ Windows ကွန်ပြူတာတွေ Mac ကွန်ပြူတာတွေမှာ အားသွင်းရင် ဘယ်လို အချက်အလက်တွေ ရနိုင်သလဲဆိုတာ သိဖို့ပေါ့။ ဒီအခါမှာ ဖုန်းတွေဟာ ကွန်ပျူတာတွေနဲ့ ချိတ်ဆက်လိုက်သည့် စစချင်းအချိန် (Handshake ကာလ) မှာပင် ပစ္စည်း၏ အမည်၊ ပစ္စည်းထုတ်သည့် ထုတ်လုပ်သူ၊ ပစ္စည်းအမျိုးအစား၊ Serial နံပါတ်၊ Firmware နဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ OS ရဲ့ အချက်အလက်တွေ၊ Filesystem စာရင်းတွေကို ထုတ်ပြနေတာ တွေ့ခဲ့ရပါတယ်။ ဒီလို စစချင်းချိတ်တဲ့အချိန် ပေးတဲ့ အချက်အလက်တွေက ပစ္စည်းနဲ့ ဆိုင်သလို ချိတ်လိုက်တဲ့ ကွန်ပျူတာနဲ့လည်း သက်ဆိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ပစ္စည်းအမျိုးအစား၊ ပစ္စည်းအမည်၊ ထုတ်လုပ်သူနဲ့ Serial နံပါတ်တွေကတော့ ဖုန်းတိုင်း ပေးတတ်ပါတယ်။

ဒါက လုံခြုံရေးကိစ္စ ဟုတ်လို့လား။ တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်သောအားဖြင့်တော့ ဟုတ်နေပါတယ်။ လူတိုင်းနီးပါး ဖုန်းမရှိပေမဲ့ ကွန်ပျူတာရှိတဲ့သူတိုင်းတော့ ဖုန်းရှိနေတဲ့ အခြေအနေမှာ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်တာမျိုးက လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စတစ်ခုပါပဲ။ တိုက်ခိုက်လိုသူတွေအနေနဲ့ ဘယ်အမျိုးအစားမှန်းမသိတဲ့ ဖုန်းတစ်လုံးကို ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ မသိပါဘူး။ ဖုန်းအမျိုးအစားအလိုက်၊ သုံးထားတဲ့ OS အလိုက်ပဲ Exploit ရွေးရတာကြောင့်ပါ။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် တုန်းက Black Hat ကွန်းဖရင့် မှာ အားသွင်းတဲ့ Charger အတုကနေ ဖုန်းထဲက အချက်အလက်တွေ ခိုးယူလို့ရတယ်ဆိုတာ ပြခဲ့ဖူးပါတယ်။ အခု ၂၀၁၆ အရောက်မှာတော့ သာမန်ကွန်ပျူတာတစ်လုံးနဲ့ USB ကြိုးတစ်ချောင်းကနေ AT Command တွေသုံးပြီး ဖုန်းကို Re-Flash ပြန်လုပ် (ပြုပြင်ထားတဲ့ OS ပြန်တင်တာမျိုး၊ ရှိရင်းစွဲ OS ကို လိုချင်တဲ့ လုံခြုံရေးအားနည်းချက်ရှိတဲ့ အနေအထားရောက်အောင် ပြင်လိုက်တာမျိုး) ပြီးဖြစ်ဖြစ် OS ကသုံးတဲ့ Application တစ်ခုအနေနဲ့ Malware တွေ ထည့်လို့ ရသွားစေပါတယ်။ ဒါမှမဟုတ်လည်း လက်ရှိလုံခြုံရေးစနစ်တွေကို ကျော်ခွပြီး ဖုန်းထဲက အချက်အလက်တွေကို ကူးယူခွင့် ရသွားစေနိုင်ပါတယ်။

"ဖုန်းတစ်လုံးဟာ USB ကြိုးကနေ Malware ကူးစက်ခံရနိုင်တယ်ဆိုတာ သက်သေပြပြီးတာ ၂ နှစ်ရှိပါပြီ။ အံ့ဩစရာကောင်းတာကတော့ အခုအချိန်မှာလည်း ဒီအယူအဆက မှန်ကန်နေဆဲပါဘဲ။ အန္တရာယ်ကတော့ ရှင်းပါတယ်။ သာမန် ဖုန်းအသုံးပြု တစ်ယောက်အနေနဲ့ကတော့ ဖုန်းရဲ့ ပစ္စည်းအိုင်ဒီ (ID) တွေ ထုတ်လုပ်သူတွေကို ခြေရာခံပြီးတော့ Adware တွေ Ransomware တွေ ပို့ဖို့ သုံးနိုင်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီကြီးကြီးတစ်ခုက နေရာကောင်းကောင်းနဲ့ လူဆိုရင်တော့ ကြေးစားဟက်ကာတွေရဲ့ ပစ်မှတ်ဖြစ်လာမှာပါ။" လို့ ကတ်စပါစကီး လက်တွေ့ခန်းက သုတေသီတစ်ယောက်ဖြစ်တဲ့ Alexey Komarov က ပြောထားပါတယ်။ "ကိုယ့်အချက်အလက်တွေ ရသွားတဲ့ ဟက်ကာက အဆင့်မြင့်ကျွမ်းကျင်မှု မရှိဘူးဆိုရင်တောင် ဈေးကွက်ကိုသိရင် Dark Web မှာ ဒီအချက်အလက်က ဈေးကောင်းရပါတယ်။

USB ကနေဖြစ်နိုင်တဲ့ ဒီလိုအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ အောက်မှာရေးထားတဲ့အချက်တွေကို သတိချပ်ဖို့ လိုပါမယ်။

           ကိုယ်မသိတဲ့ မယုံရတဲ့ အားသွင်းပေါက်တွေ၊ ကွန်ပျူတာတွေမှာ အားမသွင်းပါနဲ့။
           ဖုန်းကို စကားဝှက်သုံးထားပါ။ ဒါမှမဟုတ် လက်ဗွေစစ်တာ၊ မျက်နှာဖတ်တာ စတဲ့ သရုပ်ခွဲတဲ့ နည်းတစ်မျိုးမျိုး သုံးထားပါ။ အားသွင်းလိုက်တာနဲ့ ဖုန်းပါပွင့်သွားတာမျိုး မဖြစ်ပါစေနဲ့။
           ဝှက်စာသွင်းအချက်အလက်တစ်ခုခု၊ Locker App တစ်ခုခုသုံးပြီး အရေးကြီးအချက်အလက်တွေကို သိမ်းထားပါ။
           ဖုန်းနဲ့ ကွန်ပျူတာတွေမှာ Anti-Virus တစ်မျိုးမျိုး တင်ထားပါ။ ဝယ်သုံးရတဲ့ ဆော့ဖ်ဝဲလ်မှ ကောင်းတာမဟုတ်ပါဘူး။ အခမဲ့ရပြီး စွမ်းဆောင်ရည်မြင့်တဲ့ ဆော့ဖ်ဝဲလ်တွေလည်း အင်တာနက်မှာ ရနိုင်ပါပြီ။

21-7-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
USB ကြိုးကို သဘောရိုးမမှတ်ပါနဲ့ USB ကြိုးကို သဘောရိုးမမှတ်ပါနဲ့ Reviewed by Myanmar Ethical Hacking News on 8:18 PM Rating: 5

No comments:

MEHN Team. Powered by Blogger.