ဝင်ငွေမှန်နေသည့် တရုတ်ဟက်ကာများ



တရုန်နိုင်ငံမှာ လုံခြုံရေးလုပ်ငန်း တစ်ခုဖြစ်သည့် ချီတာမိုဘိုင်း (Cheetah Mobile) မှ သုတေသီများ၏ အဆိုအရ ၂၀၁၄ ခုနှစ်က ပေါ်ထွက်ခဲ့သည့် Hummer အန်ဒရိုက်ထရိုဂျန် (Android Trojan) တစ်မျိုးသည် စမတ်ဖုန်း (Smart Phone) အသီးသီးသို့ လျင်လျင်မြန်မြန် ကူးစက်နေကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်မှစ၍ ကူးစက်မှု အရှိန်ရလာသည့် အဆိုပါထရိုဂျန်သည် နေ့စဉ်ကူးစက်မှုနှုန်း (၁.၆) သန်းခန့် ရှိသည်။ ယခင်လများတွင် ပျံ့နှံ့မှုကျဆင်းလာသော်လည်း တစ်နေ့ကူးစက်နှုန်း (၁) သန်းဟူသော ပမာဏသည် နည်းပါးသည်ဟု မဆိုနိုင်သေးပေ။ ၂၀၁၆ ခုနှစ်အစပိုင်းတွင် တစ်နေ့ကူးစက်နှုန်း (၁၁၈၇၇၂၂) ဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ဖူးသည်။ အဆိုပါကိန်းဂဏန်းသည် ပြိုင်ဘက်ထရိုဂျန်တစ်ခုဖြစ်သော GhostPush ၏ နှုန်းထားဖြစ်သည့် (၆၉၁၀၇၉) ထက် နှစ်ဆနီးပါး သာလွန်သည်။

Hummer သည် Rooting Exploit ပါဝင်သည့် အန်ဒရိုက်မေးဝလ် ( Android Malware ) အမျိုးအစား ဖြစ်သောကြောင့် ကူးစက်ခံရသည်နှင့် အသုံးပြုသူ၏ ခွင့်ပြုချက်ကို ရယူခွင့်မလိုဘဲ အလိုရှိသည့်အတိုင်း ထိန်းချုပ်ကိုင်တွယ်သွားနိုင်စွမ်းရှိသည်။ ဖုန်း/တက်ဘလက် (Phone / Tablet) အတွင်းသို့ ထရိုဂျန် ရောက်ရှိသွားသည်နှင့် Adware များ ပေးပို့ခြင်း၊ အချက်အလက်များ ရယူခြင်း၊ မိုဘိုင်းသုံး ဆော့ဖ်ဝဲလ်များ ထည့်သွင်းခြင်းတို့ကို Hummer အား ထိန်းချုပ်သူများက ဆက်လက်လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ကူးစက်ခံရသည့် အန်ဒရိုက်ပစ္စည်းတိုင်းအား ဆော့ဖ်ဝဲလ်တစ်ခုခန့် နေ့စဉ်ပေးပို့ကြောင်း ချီတာမိုဘိုင်းက ခန့်မှန်းထားသည်။ လက်ရှိတွင် နေ့စဉ်ကူးစက်သည့် ဖုန်း/တက်ဘလက် အရေအတွက်မှာ (၁) သန်းခန့်ရှိရာ Adware တစ်ခု ထည့်သွင်းပေးရန် ဆင့် (၅၀) ရရှိပါက အဆိုပါ Malware အား ဖြန့်ဖြူးသူများအနေဖြင့် ဒေါ်လာ (၅) သိန်းခန့် နေ့စဉ်ရရှိနိုင်ကြောင်း တွေ့ရသည်။ ဤပမဏသည်သာ အမှန်တကယ်ဖြစ်ခဲ့ပါက လက်ရှိအသုံးများနေသည့် Ransomware များ၊ ငွေကြေးဆိုင်ရာ အချက်အလက်များ ခိုးယူသည့် ထရိုဂျန်များ၊ ကြော်ငြာလိမ်များဖြင့် ငွေရှာခြင်းထက် များစွာဝင်ငွေကောင်းနေသည်မှာ အမှန်ပင်ဖြစ်သည်။

Hummer အား ထိန်းချုပ်သည့် ဒိုမိန်းများအား ခြေရာခံသည့်အခါ ဒိုမိန်းများအား ရယူထားသည့် အီးမေးလ်အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ချီတာမိုဘိုင်းမှ သုတေသီများက ထုတ်ဖော်နိုင်ခဲ့သည်။ ထို့အပြင် အဆိုပါထရိုဂျန်သည်လည်း တရုတ်မြေအောက်ဈေးကွက်မှ ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

Hummer ကူးစက်ခံရသူ အများစုမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူရကီ၊ တရုတ်နှင့် မက္ကဆီကိုတို့မှ အန်ဒရိုက်ပစ္စည်းများ ဖြစ်သည်။ အိန္ဒိယနိုင်ငံ တစ်ခုတည်းတွင်ပင် အကူးစက်ဆုံးဖြစ်သည့် အန်ဒရိုက် Malware တို့အနက် နံပါတ် (၂) နှင့် နံပါတ် (၃) နေရာတို့ကို Hummer မျိုးကွဲနှစ်ခုက နေရာယူထားသည်။

Hummer ထရိုဂျန်၏ အန္တရာယ်ကြီးမှုပမာဏကို သိရှိနိုင်ရန် ချီတာမိုဘိုင်းမှ လက်တွေ့စစ်ဆေးချက်တစ်ခု ပြုလုပ်ခဲ့ရာ ကူးစက်သည့် ပစ္စည်းတစ်ခုသည် ကွန်ယက်ချိတ်ဆက်မှုပေါင်း (၁၀၀၀၀) ခန့်ပြုလုပ်ကာ နာရီအနည်းငယ်အတွင်း (၂) ဂစ်ဂါဘိုက်ဒေတာပမာဏသုံး၍ အန်ဒရိုက်ဆော့ဖ်ဝဲလ်ပေါင်း (၂၀၀) ကျော်ကို Install ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

16-8-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ဝင်ငွေမှန်နေသည့် တရုတ်ဟက်ကာများ ဝင်ငွေမှန်နေသည့် တရုတ်ဟက်ကာများ Reviewed by Myanmar Ethical Hacking News on 10:44 PM Rating: 5

No comments:

MEHN Team. Powered by Blogger.