DDoS တိုက်ပြီး ငွေရှာမယ့်အကြံ



အတွေးဆန်းတယ် ပြောရမလား အကြံထူးတယ် ပြောရမလားတော့ မသိဘူး။ ကော်လိုရာဒိုနဲ့ မီချီဂန်တက္ကသိုလ်က သုတေသီတွေပေါင်းပြီး DDoS ဝိုင်းတိုက်ပေးတဲ့သူတွေကို ဆုချနိုင်မဲ့ ဝှက်စာသွင်း ငွေကြေးစနစ်တစ်မျိုးကို တီထွင်ထားပါတယ်။ ကိုယ့်ကွန်ပျူတာကို DDoS တိုက်တဲ့နေရာမှာ ဝင်ပါစေပြီး DDoSCoin လို့ နာမည်ပေးထားတဲ့ ဒီငွေကြေးစနစ်နဲ့ ဆုငွေရယူနိုင်မှာပါ။ DDoSCoin ဟာလည်း ဝှက်စာသွင်းထားသော အချက်အလက်များဖြင့် ပြောသလိုလုပ်/မလုပ်ကို Bitcoin လိုပဲ စစ်ပါတယ်။ DDoS တိုက်တဲ့အချိန်မှာ ချိတ်ခဲ့တဲ့ TSL Connection ကို သက်သေအဖြစ် ယူတာပါ။

ခေတ်သစ် TSL ဗားရှင်းတွေမှာ ဆာဗာတစ်လုံးကို Handshake စလုပ်တဲ့အခါ ဆာဗာနဲ့ ကလိုင်းရင့် (Client) တွေဟာ Key အလွှဲအပြောင်း လုပ်ကြပါတယ်။ ဒီ Key တွေကိုကြည့်ပြီး ဆာဗာ (Server) နဲ့ ချိတ်ဖူးထားတာ ဟုတ်/မဟုတ် စစ်လို့ရပါတယ်။ ဒီအချက်ကြောင့်ပဲ DDoSCoin ဆုကြေးကို လိုချင်တဲ့သူဟာ TSL Connection ပေးနိုင်တဲ့ ဆာဗာတွေကိုပဲ DDoS တိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိပ်တန်းဝက်ဆိုက် (၁) သိန်းလောက်မှာ (၅၆) ရာခိုင်နှုန်းလောက်က TSL ကို ထောက်ပံ့နေကြပြီလို့ ဖန်တီးခဲ့သော သုတေသီနှစ်ဦးထဲက တစ်ဦးက ဆိုပါတယ်။

DDoSCoin မှာပါတဲ့ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကတော့ တိုက်ချင်တဲ့ပစ်မှတ်ကို သတ်မှတ်ပေးပြီး တခြားသူတွေကို ငွေချေတဲ့စနစ်ပါ။ PAY_TO_DDOS လို့ နာမည်ပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်မှာ ဖြည့်ရတာ နှစ်ခုရှိပါတယ်။ တစ်ခုက DDoS တိုက်ချင်တဲ့ ဝက်ဆိုက်ရဲ့ ဒိုမိန်း (Domain) ပါ။ နောက်တစ်ခုက လိုချင်တဲ့ TSL Connection အရေအတွက်ပါ။ ဒီလို ငွေပေးချေမှုတွေကို DDoSCoin ရဲ့ Blockchain ထဲမှာ မှတ်ထားပေးပါတယ်။ ငွေရှာချင်တဲ့သူနေနဲ့ အဲဒီ့ Blockchain ထဲက ကြိုက်ရာတစ်ခု (တိုက်ချင်တဲ့ဒိုမိန်း) ကိုရွေး၊ DDoS တိုက်ပြီ: လိုချင်တဲ့ Connection အရေအတွက် ပြည့်တာနှင့် ဆုငွေရယူနိုင်ပါတယ်။

သုတေသီနှစ်ယောက်ကတော့ DDoSCoin ဟာ Bitcoin အပြင် တခြားလူသုံးများတဲ့ အွန်လိုင်းငွေကြေးစနစ်တွေနဲ့လည်း လဲလှယ်နိုင်မှာပါလို့ ဆိုထားပါတယ်။ ဒီစနစ်မှာ ပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ Connection အရေအတွက်နဲ့ သတ်မှတ်ထားတဲ့အတွက် သတ်မှတ်တဲ့အရေအတွက်ပြည့်မှ ငွေချေတာပါ။ အကယ်လို့သာ ချိန်သားမကိုက်ဘဲ တစ်ယောက်တစ်ပေါက်လုပ်နေကြရင် အဲဒီ့အိုင်ပီတွေအကုန် အပိတ်ခံရမှာပါ။

နည်းပညာအရလည်း DDoS ဆိုတာ အများကြီး ဝိုင်းလုပ်ရတဲ့ ကိစ္စမျိုးပါ။ ဆုကြေးရဖို့လည်း ပါဝင်မဲ့သူတွေ အတိုင်းအတာတစ်ခုအထိ လိုမှာပါ။ ဒီအတွက်ကြောင့်ပဲ ပါဝင်ချင်တဲ့သူတွေကို ဘယ် Block ကို ရွေးမယ် (ဘယ်ဒိုမိန်းကို တိုက်မယ်) ဆိုတာကို ရွေးချယ်ခွင့် ပေးထားတာပါ။

PAY_TO_DDOS လုပ်ဆောင်ချက် ကို ဝက်ဆိုက်အက်ဒမင် (Website Admin) တွေသာမကပဲ တခြားသူတွေလည်း ရယူနိုင်ပါတယ်။ ဒီစနစ်ကို ထွင်ရတဲ့အကြောင်းကတော့ ဒိုမိန်းပိုင်ရှင်တွေ အနေဖြင့် ငွေနည်းနည်းသုံးရုံနဲ့ ကိုယ့်ဝက်ဆိုက်ရဲ့ ခံနိုင်အားကို စမ်းသပ်နိုင်ဖို့ပါပဲ။
ဒီစနစ်ဟာ စာတမ်းတင်ထားရုံသာ ရှိပါသေးတယ်။ လက်တွေ့အနေနဲ့ အကောင်အထည်မဖော်နိုင်သေးပါဘူး။ တကယ်လို့ အဲဒီလိုဝက်ဆိုက်ဖြစ်လာရင်လည်း ဥပဒေအရ အရေးယူတာ ခံရမှာပါ။ သူတို့ရဲ့ အံ့ဖွယ်စာတမ်းကို https://www.usenix.org/system/files/conference/woot16/woot16-paper-wustrow.pdf မှာ အသေးစိတ် ဖတ်ရှုနိုင်ပါသေးတယ်။

15-8-2016
သတင်းစီစဉ်တင်ဆက်သူ - Nub90d (MEHN Team)
DDoS တိုက်ပြီး ငွေရှာမယ့်အကြံ DDoS တိုက်ပြီး ငွေရှာမယ့်အကြံ Reviewed by Myanmar Ethical Hacking News on 10:36 PM Rating: 5

No comments:

MEHN Team. Powered by Blogger.