အမှန်အကန်မလုပ်ဘဲ အကြံအဖန်ထုတ်ခဲ့တဲ့ ကျောင်းသား



ဂျော်ဂျီယာပြည်နယ်မှာတွင် ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသားဖြစ်သူ Chase Arthur Hughes ကတော့ ကျောင်းရဲ့ အဆင့်သတ်မှတ်တဲ့စနစ်ကို ဖောက်ထွင်းခဲ့တဲ့အတွက် အဖမ်းခံလိုက်ရတယ်လို့ Fox 5 Atlanta သတင်းမှာ တွေ့ရပါတယ်။ မေလနဲ့  စက်တင်ဘာကြားမှာ ရည်းစားဖြစ်သူရဲ့ အင်တာနက်ကိုသုံးပြီး ဒီလိုဖောက်ထွင်းဖို့ ကြိုးစားခဲ့တာပါ။

ကန်နက်ဆောတက္ကသိုလ်သည် Owl Express အမှတ်ပေးစနစ်ကို သုံးထားတာပါ။ အပြောင်းအလဲ တခုခုလုပ်ခဲ့ရင် ပါမောက္ခဆီကို အကြောင်းကြားပါတယ်။ အမှတ်စာရင်းတွေ ပြောင်းတယ်ဆိုတဲ့ သတိပေးချက်ကို ရခဲ့တာကြောင့် ပါမောက္ခက ရဲကိုအကြောင်းကြားပြီး ကျောင်းအုပ်ချုပ်ရေးမှူးတွေနဲ့ ဒီပြစ်မှုကို ဝိုင်းဝန်းဖော်ထုတ်ကြတာပါ။

Hughes သည် သူအပါအ၀င် သူငယ်ချင်း ၄ ယောက်၏ အဆင့်တွေကို ဝင်ပြင်ပေးခဲ့တဲ့အပြင် ပါမောက္ခတစ်ဦ:ရဲ့ အကောင့်ကိုသုံးပြီး လျှို့ဝှက်အချက်အလက်တွေဖြစ်တဲ့ ကျောင်းမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ စာရင်း ၊ အကြွေးဝယ်ကတ်နံပါတ်တွေနဲ့ တခြားမှတ်တမ်းတွေကို ယူထားကြောင်းကို ဖမ်းမိချိန်မှာတွေ့ရပါတယ်။ ပြီးတော့ ဒီအမှတ်ပေးစနစ်ထဲ ဝင်ရောက်ခွင့်ရှိတဲ့သူတွေရဲ့ Username နှင့် Password ပေါင်း ၃၆ ခုကို ရယူထားပါသေးတယ်။ တချို့သူငယ်ချင်းတွေကို C ကနေ A ၊ တချို့ကို F ကနေ A အဆင့်ကို ပြောင်းထားပါတယ်။ သူ့ကိုယ်သူလည်း B ကနေ A ကို ပြောင်းပါတယ်။

ရဲတွေအနေနဲ့တော့ Hughes ယူသွားတဲ့ အချက်အလက်တွေကို ပြန်လည်ဖော်ထုတ်နေတုန်းပါပဲ။ ၁၉ နှစ်အရွယ် ဒီကျောင်းသားကတော့ ကျောင်းကနေ ထုတ်ပယ်ခံရပြီးတဲ့အပြင် ကွန်ပျူတာသုံးပြီး တရားမဝင် ဝင်ရောက်ခြင်း ၊ အချက်အလက်ခိုးယူခြင်း ၊ အချက်အလက် ပြုပြင်ခြင်းများနှင့် ပတ်သက်ပြီး တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။

စီးပွားရေးအဓိကနဲ့ အထူးပြုဘာသာအဖြစ် ဘဏ္ဍာရေးကို ရွေးထားတဲ့ ဒီကျောင်းသားဟာ  ၂၀၁၅ ဆောင်းရာသီကနေ ၂၀၁၆ နွေရာသီအထိ တက်ရောက်ဖို့ စာရင်းသွင်းထားတာပါ။ ဒါပေမဲ့ သူတကယ်တမ်းအထူးပြုသင့်တဲ့ ဘာသာရပ် လွဲသွားပုံ ရပါတယ်။ ဒီပြစ်မှုမျိုးအတွက် ငွေဒဏ် အမေရိကန် ဒေါ်လာ ၅၀၀၀၀ သို့မဟုတ် ထောင်ဒဏ် ၁၅ နှစ်ကို တမျိုးစီဖြစ်ဖြစ်၊ နှစ်မျိုးလုံးဖြစ်ဖြစ် ကျခံရနိုင်ပါတယ်။

10-10-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
အမှန်အကန်မလုပ်ဘဲ အကြံအဖန်ထုတ်ခဲ့တဲ့ ကျောင်းသား အမှန်အကန်မလုပ်ဘဲ အကြံအဖန်ထုတ်ခဲ့တဲ့ ကျောင်းသား Reviewed by Myanmar Ethical Hacking News on 5:52 PM Rating: 5

No comments:

MEHN Team. Powered by Blogger.