ဆက်သွယ်ရေး ကုမ္ပဏီကို Hack နိုင်ခဲ့သည့် ရွာသား



အိုဒစ်ရှာက ၁၉ နှစ်အရွယ် ရွာသားတစ်ယောက်ကို ဟိုင်ဒရာဘတ်အခြေစိုက် ကုမ္ပဏီတစ်ခုကို ဟက္ကင်း (Hacking) ပြုလုပ်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ကုမ္ပဏီအနေဖြင့် ရူပီး သိန်း ၆၀ လောက် နစ်နာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အင်္ဂလိပ်စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့ အဲဒီ့လူငယ်ဟာ ဟက္ကင်းဖိုရမ် (Hacking Forum) အတော်များများမှာ တက်ကြွတဲ့ အဖွဲ့ဝင်တစ်ယောက် အနေဖြင့် ပါဝင်ပတ်သက်နေပါတယ်။

အိုဒစ်ရှာပြည်နယ်ရဲ့ ဘာလာဆောခရိုင်က ဟီမလာရာမိုဟန်တီဟာ အိုင်တီအေ (Indian Telephone Industries Limited) မှာ အလုပ်လုပ်ရင်းနဲ့ ဟက္ကင်း (Hacking) ပညာတွေကို ဝက်(ဘ)ဆိုက် (Website) တစ်ခုကနေ သင်ယူခွင့် ရခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ လွိုက်ကုမ္ပဏီ (Llyod Electricals & Engineering Co. Ltd.) ကနေ EPABX Code တွေကို ရယူပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရတော့ အဲဒီ့နံပါတ်တွေကို သူ့ကိုယ်ပိုင် ဝက်(ဘ)ဆိုက် (Website) ကနေ ဖြန့်ဝေခဲ့တယ်လို့ သိထားပါတယ်။ အင်တာနက်အသုံးပြုသူတွေအနေနဲ့ အဲဒီ့နံပါတ်တွေကနေ အခမဲ့ ဖုန်းခေါ်ဆိုမှုတွေ လုပ်ခဲ့တာကြောင့် ရူပီး သိန်း (၆၀) လောက် နစ်နာခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားပါတယ်။

EPABX ဆိုတာ အိက်ချိန်း (Branch Exchange) တမျိုးပါပဲ။ အချင်းချင်းဆက်သွယ်ဖို့လိုတဲ့ ဈေးတွေ ဆေးရုံတွေမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ အဆောက်အဦတွေမှာ အိက်ချိန်းတပ်ဆင်ထားမယ်ဆိုရင် အချင်းချင်းဖုန်းခေါ်ဆိုသည့်အခါ ဖုန်းဖိုး ကုန်ကျမှာ မဟုတ်တော့ပါဘူး။ အချင်းချင်းနံပါတ်မဟုတ်ဘဲ ပြင်ပခေါ်နိုင်တဲ့ နံပါတ်တစ်မျိုးနဲ့ ခေါ်ချင်တဲ့ ပြင်ပကနံပါတ်ကို တွဲနှိပ်လိုက်ရင် တခြားသူကို ခေါ်လို့ရတယ်။ ဒီအတွက်တော့ အဲဒီ့ဖုန်းရဲ့ အော်ပရေတာကို ဖုန်းဖိုးပေးရတာပေါ့။ အခုကိစ္စမှာ အဲဒီ့နံပါတ်တွေ အသစ်ထည့်ပြီး ပြင်ပကိုခေါ်နိုင်အောင် မိုဟန်တီက ပြင်ဆင်နိုင်ခဲ့တာပါ။

လွိုက်က တစ်လတာ ဖုန်းခေါ်ဆိုမှုအတွက် ပျမ်းမျှကျသင့်ငွေဟာ ရူပီး (၁) သိန်းတည်းပါ။ ဒီတော့ အခုကုန်တဲ့ သိန်း (၆၀) ဆိုတာ သူတို့ကျသင့်တဲ့ပမာဏထက် အများကြီးပိုနေတာပေါ့။ ဒါကြောင့်လည်း ရိပ်မိသွားတာပါ။ မိုဟန်တီဟာ လွိုက်ကုမ္ပဏီရဲ့ ဆာဗာတစ်ခုမှာ ဒီလိုလုပ်နိုင်ဖို့ Option ထည့်ထားခဲ့ပါတယ်။ ပြီးနောက်မှာ အဲဒီ့လင့်(ခ) (Link) နဲ့ Code တွေကို ဝက်(ဘ)ဆိုက် (Website) မှာ တင်ပေးပါတယ်။ သုံးချင်တဲ့သူအနေနဲ့ Code ရဲ့နောက်မှာ ခေါ်ချင်တဲ့ဖုန်းနံပါတ်ကို ဆက်ထည့်လိုက်ရင် အခမဲ့ခေါ်ဆိုခွင့် ရပါပြီ။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရတော့ ဟက္ကင်း (Hacking) ပညာသင်ချင်ရင် သူ့ဆီဆက်သွယ်ပါဆိုပြီး အီးမေး(လ်) (Email) တစ်ခုကို ဝက်(ဘ)ဆိုက် (Website) မှာ တင်ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီ့လင့်(ခ) (Link) ကို ဝင်လိုက်ရင် သုံးနေတဲ့ဖုန်းကို ခြေရာခံတဲ့ ထရိုဂျန် (Trojan) တစ်မျိုးကို ပို့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ငွေကြေးအကျိုးအမြတ်အတွက်တော့ မဟုတ်ပါဘူးတဲ့။

ပရောက်ဇီဆာဗာ (Proxy Server) တွေကနေ တဆင့် သုံးခဲ့ပေမဲ့ မိုဟန်တီကို ဆိုင်ဘာရဲတွေက ခြေရာခံနိုင်ခဲ့ပြီး အိုင်ပီလိပ်စာ (IP Address) ကနေ သူနေတဲ့ရွာကို အတိအကျသိခဲ့တာပါ။ "သူက အင်္ဂလိပ်စာအားနည်းပါတယ်။ ဒါပေမဲ့ ဖိုရမ်အတော်များများမှာ မှတ်ပုံတင်ပြီး စကားဝင်ပြောလေ့ရှိပါတယ်။ များသောအားဖြင့်တော့ ဘာသာပြန်ဆော့(ဖ)ဝဲ(လ) (Software) တွေနဲ့ပေါ့။ ဒါကလည်း သူ့ကို နောက်ယောင်ခံနိုင်ခဲ့တဲ့ အချက်တစ်ခုပါပဲ။ သို့ပေမဲ့ အခုလုပ်ရပ်အတွက်ကတော့ အစွမ်းပြချင်ရုံသက်သက်ပါ။ ငွေကြေးအကျိုးအမြတ်လည်း မယူပါဘူး" လို့ ရဲတပ်ဖွဲ့က ပြောပါသေးတယ်။

လက်ရှိမှာတော့ မိုဟန်တီတစ်ယောက် ထောင်နန်းစံနေပါပြီ။ ကျွှန်နော်တို့နိုင်ငံမှာလည်း တယ်လီဖုန်းအော်ပရေတာတွေကို ကျော်နိုင်ခွနိုင်တဲ့ ဗွီပီအန် (VPN) သုံးနည်းတွေကို တရားဝင်လို ဝေငှနေကြတာ တွေ့ရပါတယ်။ ဒီနည်းတွေဟာ တရားမဝင်ပါဘူး။ အကယ်လို့သာ မှတ်တမ်းတစုံတရာကျန်ခဲ့ရင် ဝေငှသူသာမက သုံးစွဲသူတွေပါ ရာဇဝတ်မှု မြောက်မှာပါ။ သတိချပ်ပြီး ရှောင်ရှားနိုင်ကြပါစေ။

21-10-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ဆက်သွယ်ရေး ကုမ္ပဏီကို Hack နိုင်ခဲ့သည့် ရွာသား ဆက်သွယ်ရေး ကုမ္ပဏီကို Hack နိုင်ခဲ့သည့် ရွာသား Reviewed by Myanmar Ethical Hacking News on 5:35 PM Rating: 5

No comments:

MEHN Team. Powered by Blogger.