အားလုံးရဲ့ ရှေ့ကိုရောက်ရှိလာသော အနာဂတ် (သို့မဟုတ်) Mirai
အရင်လတုန်းက Krebs on Security ဆိုက်ကို
တိုက်သွားတဲ့ DDoS က IoT တွေကိုအသုံးပြုပြီး တိုက်သွားတာပါ။ အောက်တိုဘာလ ၁ ရက်နေ့တုန်းက
အဲဒီ့လိုတိုက်ဖို့ သုံးခဲ့တဲ့ IoT Botnet ရဲ့ Source Code ကို အများသိအောင် ချပြလိုက်ပါပြီ။
ဒီတော့ Router, IP Camera တွေနဲ့ DVR (Digital Video Recorder) တွေသုံးတဲ့ DDoS တွေကို
မကြာခဏ မြင်ရဖို့ ရှိနေပါတယ်။
ဒီ Source Code ထွက်လာတာကတော့
Hackforums မှာပါ။ နာမည်ကို Mirai လို့ ပေးထားတာ တွေ့ရပါတယ်။ ဂျပန်လိုတော့ 'အနာဂတ်'
ပါတဲ့။ IoT ပစ္စည်းတွေကို စက်ရုံမှ ထုတ်စဉ်မှာ ပါလာတဲ့ Username နဲ့ Password တွေ ဟုတ်/မဟုတ်
စစ်ဆေးပြီး Bot သွင်းတာပါ။ Bot ကို အောင်အောင်မြင်မြင် ထည့်ပြီးတာနဲ့ ထိန်းချုပ်တဲ့
ဆာဗာ (Server) ဆီကို အကြောင်းကြားပြီး DDoS တိုက်ဖို့ အဆင်သင့် အနေအထားမှာ ရှိနေပါပြီ။
Code ကို ဖြန့်ခဲ့တဲ့သူကတော့
Anna-senpai လို့ နာမည်ပေးထားတဲ့ သူတစ်ယောက်ပါ။ Hackforums မှာ Mirai ရဲ့ Source Code
နဲ့အတူ စကားတစ်ချို့ ပြောခဲ့ပါသေးတယ်။ "DDoS လောကကို ခြေချမိခဲ့ပေမဲ့ ကြာရှည်နေဖို့တော့
စိတ်မကူးထားပါဘူး။ ကျနော် ငွေလည်း အတော်အသင့် ရခဲ့ပြီးပါပြီ။ IoT တွေကို အသုံးချပြီးတော့ပေါ့။
အခုတော့ အောင်မြင်စွာနဲ့ ဆုတ်ခွာရမဲ့ အချိန်ကို ရောက်ပါပြီ။ ဒီနေ့ ခင်ဗျားတို့ကို ပေးစရာ
တစ်ခုရှိပါတယ်။ Marai နဲ့ Bot (၃၈၀၀၀၀) အထိ telnet ကတင် ရဖူးပါတယ်။ ဒါပေမဲ့ Kreb ဆိုက်ကို
တိုက်ပြီးတဲ့နောက်ပိုင်းမှာ ကျနော့် CnC ဆာဗာတွေကို ISP တွေက တဖြည်းဖြည်းနဲ့ ပိတ်နေပါပြီ။
ဒီနေ့အချိန်မှာတော့ (၃၀၀၀၀၀) ဝန်းကျင်ပဲ ကျန်ပါတော့တယ်။ ဒီ့ထက်လည်း လျော့နေဦးမှာပါ"
တဲ့။
သတင်းရင်းမြစ်တစ်ချို့က သိရတာကတော့
Krebs on Security ကို တိုက်သွားတာက IoT Botnet နှစ်ခုနဲ့လို့ ဆိုပါတယ်။ တစ်မျိုးက
Marai ဖြစ်ပြီးတော့ နောက်တစ်မျိုးက Bashlight ပါ။ လုပ်ဆောင်ချက်ကတော့ အတူတူပါပဲ။ လုံခြုံရေးလုပ်ငန်းတစ်ခုဖြစ်တဲ့
Level3 Communications က စစ်ဆေးချက်တွေအရတော့ Marai ရဲ့ Bot တွေ အရေအတွက်နည်းလာတာဟာ
Bashlight ရဲ့ ပြိုင်ဆိုင်မှုကြောင့်လည်း ပါတယ်လို့ သိရပါတယ်။ Bashlight ဟာ သူဝင်မဲ့
IoT ထဲမှာ တခြား Bot ရှိနေရင် အဲဒါကို အရင်ဖယ်ထုတ်တာကြောင့်ပါ။
Malware ကူးစက်ခံရတဲ့ IoT ပစ္စည်းကို
reboot လုပ်ရုံနဲ့ အဆင်ပြေပါတယ်။ Malware ကို မန်မိုရီ (Memory) ထဲကနေ ဖျက်လိုက်တာနဲ့တင်ပေါ့။
ဒါပေမဲ့ ဒီ Bot တွေဟာ အားနည်းချက်ရှိတဲ့ပစ္စည်းကို စဉ်ဆက်မပြတ်ရှာနေလို့ မိနစ်ပိုင်းအတွင်းမှာ
ပြန်ဝင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒီတော့ reboot လုပ်၊ အွန်လိုင်းဖြုတ်ပြီး
Default ပါလာတဲ့ Username နဲ့ Password ကို ပြောင်းပေးမှပဲ အန္တရာယ်ကင်းမဲ့သဘောပါ။
Krebs on Security ကိုတိုက်သွားတဲ့
DDoS ဟာ 620 Gbps ရှိပါတယ်။ ကျွမ်းကျင်သူတွေက စစ်ဆေးတဲ့အချိန်မှာလည်း DDoS တိုက်ရာမှာသုံးခဲ့တဲ့
GRE packet တွေဟာ Marai ရဲ့ လုပ်ဆောင်ချက်နဲ့ ကိုက်ပါတယ်။ အားလုံးသိချင်နေတဲ့ မေးခွန်းက
တစ်ခုတည်းရှိပါတယ်။ "ဘာလို့ ရွှေဥ ဥပေးသောငန်းကို သူများကို ပေးမှာလဲ" ဆိုတဲ့
မေးခွန်းပါပဲ။ ဖြစ်နိုင်တာတစ်ခုကတော့ Malware ရေးတဲ့သူအနေနဲ့ သူတို့ကို ဖမ်းမိခါနီးပြီလို့
ထင်လာရင် ဒီလိုမျိုး ဖြန့်တတ်ပါတယ်။ ဒါက အွန်လိုင်းက ရထားတာပါဆိုတဲ့ ဆင်ခြေအတွက်ပေါ့။
Gartner ကုမ္ပဏီရဲ့ တွက်ဆချက်တွေအရတော့ လက်ရှိမှာ
IoT ပစ္စည်းပေါင်း သန်း (၆၄၀) လောက် ရှိနေပြီလို့ သိထားပါတယ်။ ၂၀၂၀ ရောက်ရင် သန်း (၂၀၈၀)
လောက်အထိ တက်ဦးမယ်လို့ ခန့်မှန်းထားပါသေးတယ်။ မကြာခင်အချိန်အတွင်းမှာ IoT ထုတ်လုပ်တဲ့
လုပ်ငန်းတွေအနေနဲ့ အခုထက်ပိုကောင်းတဲ့ လုံခြုံရေးမျိုးကို ဖန်တီးနိုင်ဖို့ မျှော်လင့်ရပါတယ်။
4-10-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
အားလုံးရဲ့ ရှေ့ကိုရောက်ရှိလာသော အနာဂတ် (သို့မဟုတ်) Mirai
Reviewed by Myanmar Ethical Hacking News
on
8:27 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:27 PM
Rating:

No comments: